လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်နယ် ၃ ခုတွင် တစ်လအတွင်း ကလေး ၁၀ ဦးသေဆုံး

0
156
ပုံစာ - မိုးမောက်မြို့၊ ကုန်းလောကျေးရွာက ခရစ်ယာန်ဘုရားကျောင်းအား လေကြောင်းဗုံးကြဲခံရပြီး တွေ့ရစဉ်။ (Photo - Simsa Kasa Multimedia)

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်လအတွင်း ပြည်နယ်သုံးခုတွင် ကလေး ၁၀ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၅၁ ဦး ရှိခဲ့ကြောင်း လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်၊ မြန်မာနိုင်ငံ (ND-Burma) က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် နိုဝင်ဘာလ တစ်လတာအတွင်း ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့တွင် ကလေး ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၅၁ ဦးရှိခဲ့ကြောင်း ND – Burma ပြောဆိုခွင့်ရှိသူ ဆန်ထွယ်က ပြောသည်။

ဆန်ထွယ်က “ဒီလထဲမှာပဲ ဖြစ်ပျက်သွားတဲ့ လေယာဉ်ဗုံးကြဲမှုကြောင့် ဒီ IDPs Camp ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင်တွေကို ထိခိုက်တဲ့အတွက်ကြောင့်မို့ သေဆုံးတဲ့သူတွေက မိသားစုလိုက် ကလေးတွေဖြစ်နေတယ်။ မိသားစုလိုက်ပါသွားတယ်။ ကလေးတွေ အပါအဝင်ပေါ့နော်။ ကလေးတွေ ပိုပြီးမှထိခိုက်တာတွေ့ရတယ်။ သေဆုံးတာလည်း ကလေးတွေ ပိုများတာ တွေ့ရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် စစ်ဘေးစစ်ဒဏ်ကြောင့် စိတ်ဒဏ်ရာရှိနေသော ပြည်သူများ အိပ်စက်ချိန် အနားယူချိန်များဖြစ်သည့် မနက်အစောပိုင်းနှင့် ညနေပိုင်းအချိန်များတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ND – Burma က ဆိုသည်။

စစ်ကောင်စီတပ်သည် ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs) များ၏ ယာယီတဲများနှင့် စစ်ရှောင်စခန်းများအပါအဝင် ဒေသတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊ လူစုလူဝေးနေထိုင်ကြသည့် နေရာများနှင့် ရပ်ရွာများထဲကို လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်အနေဖြင့် လေယာဉ်အသုံးပြုတိုက်ခိုက်မူများ ပိုမိုလုပ်လာသောကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုကလည်း ပိုများလာခြင်းဖြစ်သည်။

ဆန်ထွယ်က “ဒီထုတ်ပြန်ချက်ထဲမှာ အဓိက ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ အထူးသဖြင့် တိုင်းရင်းသားဒေသမှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူတွေသေဆုံးမှုတွေ ပိုများလာတယ်။ လတိုင်း၊ နေ့တိုင်း လေယာဉ်ဗုံးကြဲမှုတွေ ရှိတဲ့အတွက်ကြောင့်မို့ လူတွေ ထိခိုက်သေဆုံးတာတွေကတော့ တောက်လျှောက် ရှိနေတာပေါ့နော်။ အဲ့ဒီဟာတွေကို ကြည့်ခြင်းအားဖြင့် တစ်နှစ် – နှစ်နှစ်ဖြစ်လာတဲ့အခါမှာ လူဦးရေ ပိုများလာတယ်။ သေဆုံးတဲ့သူက ပိုများလာတဲ့အခြေအနေတွေ ဖြစ်လာတယ်” ဟု ပြောသည်။

သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများထဲတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များပါဝင်နေပြီး စစ်ကောင်စီတပ်များ၏ အရပ်သားပစ်မှတ်၊ စစ်ရေးပစ်မှတ် မခွဲခြားဘဲ တိုက်ခိုက်မှုများကြောင့် ပြည်သူများသည် ကြီးမားသော ပျက်စီးမှုများ၊ ဆုံးရှုံးမှုများနှင့် စိုးရိမ်ကြောက်လန့်မှုများကို ဆက်လက်ခံစားနေကြရသည်ဟု ၎င်းကဆိုသည်။

ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာထဲက ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းပေါ်သို့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၇ ဦးအပါအဝင် ပြည်သူ ၉ ဦး သေဆုံးခဲ့သည်။

မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးက “စစ်ကောင်စီရဲ့ လုပ်ရပ်တွေက လူသားဆန်မှုကင်းမဲ့တယ်။ ကျနော်တို့ ကချင်မှာဆိုရင် ဒီမိုးမောက် ကုန်းလောဘုရားကျောင်း ဖြစ်စဉ်တစ်ခုထဲ မဟုတ်ဘူး။ အနန့်ပါ ဖြစ်စဉ်ရှိတယ်။ မုန်လိုင်ခက်ဖြစ်စဉ် ဒါတွေက သမိုင်းပါ၊ သက်သေတွေပါ။ ကျနော်အနေနဲ့ရော ကျနော်တို့ ကချင်ပြည်သူတွေအနေနဲ့ပါ ဒါတွေကို လုံးဝ မေ့မှာမဟုတ်ဘူးဗျ” ဟု ပြောသည်။

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) ၏ ဒီဇင်ဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်၊ ကရင်နီ (ကယား) နှင့် ရှမ်းပြည်တို့တွင် နိုဝင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု (၂၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အရွယ်ရောက်ပြီးသူ (၂၅) ဦးနှင့် ကလေး (၁၀) ဦး သေဆုံးကာ လူကြီး (၂၃) ဦးနှင့် ကလေး (၅၁) ယောက်အပါအဝင် စုစုပေါင်း (၇၄) ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အလားတူ အဆိုပါလေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဘုရားကျောင်းတစ်ကျောင်းနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ဆေးရုံ၊ လက်ဖက်ရည်ဆိုင်၊ ရုံးဌာန အဆောက်အအုံ (၅) လုံးနှင့် ကား (၆) စီး အပါအဝင် အနည်းဆုံး စုစုပေါင်း အဆောက်အအုံ (၇၇) လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here