လူသေအလောင်းများကြောင့် ဖားကန့်ဒေသခံများ လုံခြုံရေး စိုးရိမ်

0
412
ပုံစာ - ဖားကန့်ဒေသတွင်းတွေ့ရသည့် လူသေလောင်းတစ်လောင်း (photo-CJ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း အမည်မသိ လူသေအလောင်းများ ခပ်စိပ်စိပ် တွေ့လာရခြင်းကြောင့် ဒေသခံများက လုံခြုံရေးအတွက် စိုးရိမ်နေသည်ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်တွင် လူသေတစ်လောင်း၊ ဇွန်လ ၇ ရက်တွင် လူသေတစ်လောင်း နှစ်ရက်ဆက်တိုက် အသတ်ခံရသည့် ဖြစ်စဉ်များ ဖြစ်ပွားနေသည်ဟု ဖားကန့်ဒေသခံများက ဆိုသည်။

ဖားကန့် ဆိုင်းတောင် ဒေသခံအမျိုးသားတစ်ဦးက “ အဓိက ကတော့ စိတ်ခံစားချက်ပေါ့နော်။ အဲ့လိုမျိုး သတိဝိရိယနဲ့ နေလာရတဲ့ အခါကျတော့ စိတ်ထဲမှာ မလုံမခြုံ အဲ့လိုမျိုး ခံစားလာရတာတော့ ရှိတာပေါ့။ နိုင်ငံရေးနဲ့ ဒီဒေသက မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေမှာ ဒီဒေသမှာ နေထိုင်တဲ့လူများက အမြဲတမ်း မလုံခြုံတဲ့ စိတ်ခံစားမှုတွေ ရှိနေတယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး ယခု ဇွန်လ ပထမပတ်အထိ ဖားကန့်မြို့နယ်အတွင်း အသတ်ခံထားရသည့် မိုင်ရှင်မဲ့အလောင်း ၂၀ ထက်မနည်း ရှိနေပြီဟု ဒေသခံများနှင့် ဒေသအတွင်းရှိ လူမှုကူညီရေး အသင်းတာဝန်ရှိသူ များက ပြောသည်။

ဖားကန့်မြို့နယ်အတွင်း အသတ်ခံထားရသည့် ပိုင်ရှင်မဲ့ လူသေအလောင်း ပိုမိုများပြားလာသောကြောင့် ဒေသခံများမှာ သွားလာလှုပ်ရှားမှုတိုင်းတွင် သတိထား သွားလာနေရပြီး အသက်အန္တရာယ်အပြင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံတော့သည့် အခြေအနေမျိုး ခံစားနေရသည်ဟု ဒေသခံများက ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ယခုကဲ့သို့ ဖြစ်ရပ်များ ပိုမိုများပြားလာပြီး တရားခံကိုလည်း ဖမ်းဆီး အရေးယူနိုင်ခြင်း ယနေ့အချိန်ထိ မရှိသေးကြောင်း ၎င်းတို့က ပြောဆိုသည်။

သေဆုံးသွားသူ အများစုမှာ ပိုင်ရှင်မဲ့များ ဖြစ်သောကြောင့် ရပ်ကွက်/ကျေးရွာ အသီးသီးရှိ နာရေးကူညီရေး အသင်းများနှင့် ဒေသခံရွာသားများက နာရေးကိစ္စပါ တာဝန်ယူ ဝိုင်းဝန်းသင်္ဂြိုလ်ပေးကြရသည်ဟု ပြောသည်။

၅ လကျော် ကာလအတွင်းမှာ ဖားကန့်တွင် အသတ်ခံရသူ အမည်မသိ လူသေ အလောင်း ၂၀ ထက်မနည်း ရှိနေပြီး အများစုမှာ ဖားကန့်၊ ဆိုင်းတောင်နှင့် လုံးခင်းတို့တွင် ဖြစ်ပြီး၊ ၎င်းတို့သည် မည်သည့် အကြောင်းအရင်းကြောင့် အသတ်ခံရသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

သို့သော် ဒေသခံအများစု၏ သုံးသပ်ပြောဆိုမှုများအရ အသတ်ခံရသူများမှာ စစ်ကောင်စီဘက်မှ PDF ဟု ယူဆသတ်မှတ် ခံရသူများ၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပတ်သတ်ဆက်နွယ်သူများအပြင်၊ တော်လှန်ရေး အင်အားစုများဘက်က စစ်ကောင်စီ၏ သတင်းပေး ဒလန်ဟု ယူဆခံထားရသူများ ဖြစ်သည်ဟု ပြောကြသည်။

အသတ်ခံရသူ အများစုမှာ ဓါးထိုးဒဏ်ရာ၊ သေနတ်ပစ်ခတ်ခံရသည့် ဒဏ်ရာများ၊ ရိုက်နှက်နှိပ်စက်ခံရသည့် ဒဏ် ရာများနှင့် သေဆုံးနေကြသည်။ ထို့အပြင် လက်ပြန်ကြိုးတုတ်ခံရကာ အသတ်ခံထားရသူများ၊ မျက်စိများကို ပိတ်၍ ရိုက်နှက်နှိပ်စက်ခံရပြီး သေဆုံးနေသူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဖားကန့်ဒေသခံတစ်ဦးက “အရင်ကတော့ ဘာမှမဖြစ်ဘူးလေ။ နိုင်ငံရေးတည်ငြိမ်တဲ့ အချိန်အခါမှာက ဘာမှ မဖြစ်ဘူး။ အခုဒီ တစ်နှစ် နှစ်နှစ်မှာ အရမ်းဖြစ်လာတယ်ဆိုတော့ နိုင်ငံရေးကြောင့်လို့ပဲ မြင်တာပေါ့။ နိုင်ငံရေး တည်ငြိမ်သွားရင်တော့ အဲ့ဒါတွေက ပြီးသွားမယ်လို့ မြင်တယ်။ နိုင်ငံရေး မတည်ငြိမ်သေးရင်တော့ ဒီလိုမျိုးပဲ ဆက်ဖြစ်အုံးမလားဆိုပြီး ခံစားနေရတယ်။ အမြဲတမ်း အဲ့လို ဖြစ်နေမလားလို့ပဲ စိုးရိမ်နေတယ်” ဟု ပြောသည်။

ဇွန်လ ၇ ရက် နံနက်ပိုင်းက ဖားပြင်ဘက်သို့သွားသည့် လမ်းတွင် အသက် ၃၀ ဝန်းကျင်အရွယ် အမည်မသိ အမျိုးသားတစ်ဦး အသတ်ခံထားရပြီး သေဆုံးသူ၏ခန္ဓာတွင် ဓါးပြဟု ရေးထားသည့် ကတ်ထူပြား တစ်ချပ်ကို ချိတ်ဆွဲထားသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ဖားကန့်ဒေသအတွင်း လူယက်မှု၊ ဓါးပြမှု၊ လူသတ်မှု၊ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှု၊ စစ်ကောင်စီမှ လူသား ဒိုင်းကာ အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်းများ မကြာခဏ ဖြစ်ပွားနေ ပြီး ဒေသခံများမှာ မည်သည့်အဖွဲ့အစည်း အာဏာပိုင်ကို တိုင်ကြားရမည် မသိကြဟု ပြောဆိုသည်။

KNG ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here