လီဒိုလမ်းမကြီးတွင် စစ်သားစုဆောင်းမှုက နာဂအဖွဲ့မဟုတ်ဟု အသိပေးထုတ်ပြန်

0
458
ပုံစာ- စစ်သားစုဆောင်းမှု ENNO/ENDA နာဂအဖွဲ့မဟုတ်ဟုပြောဆို။

တနိုင်း- နန်းယွန်း မြို့ကြားရှိ လီဒိုလမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများအား တပ်သားစုဆောင်းနေမှုများမှာ အရှေ့နာဂ အမျိုးသားအဖွဲ့အစည်း ENNO/ENDA က ၎င်းတို့ မဟုတ်ကြောင်း စက်တင်ဘာလ ၇ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သတ်ပြီး ENNO/ENDA မှ အထွေထွေအတွင်းရေးမှူး ဦးဂျင်မီက “ထုတ်ပြန်ချက် မှာလည်း အချက် ၄ ချက်ပဲ ထုတ်ပြန်ထားတယ်။ ကျနော်တို့ ထုတ်ပြန်ရတယ်ဆိုတာက အဲမှာပွင့်ပွင့်လင်းလင်း ပြောထားပြီ၊ ဒီတနိုင်း-လီဒို လမ်းတကြောဟာ ရှင်းရှင်းပြောရင် ကျနော်တို့အဖွဲ့ မရောက်သေးတဲ့ အခြေအနေမှာ ရှိတယ်။ စုဆောင်းရေးတို့ ဘာတို့ဆိုတာက မလုပ်သေးဘူး၊ ရှိလည်း မရှိခဲ့ဘူး” ဟု ပြောသည်။

ယင်းထုတ်ပြန်ချက်ထဲတွင် အချက် ၄ ချက်ပါဝင်ပြီး နာဂလူမျိုးများ လူငယ်များအား အဓိက ပစ်မှတ်ထား တပ်သားစုဆောင်းနေမှု မပြုလုပ်ခဲ့ကြောင်း၊ ပွင့်လင်းမြင်သာစွာဖြင့် တပ်သား စုဆောင်းသင့်ကြောင်းနှင့် မပွင့်လင်းသော လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း စသည့် အချက်များ ပါဝင်သည်ကို တွေ့ရသည်။

“အဲဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ဒီနေရာမှာ ENNO/ENDA အနေနဲ့လည်း မဟုတ်ဘူး။ ဘယ်သူဘယ်ဝါဆိုတာ လည်း မပြောနိုင်ဘူး၊ ကျနော်တို့ မရှိတဲ့အတွက် ကျနော်တို့ မမြင်တဲ့အတွက် ကျနော်တို့ မသိတဲ့အတွက် ဒါက ပြည်သူလူထုတွေ အနေနဲ့ ကျနော်တို့ကို အမြင်မမှားစေဖို့ရန် ရည်ရွယ်ချက်ကတော့ အဲ့ဒါပဲဖြစ်တယ်” ဟု ဦးဂျင်မီက ဆက်ပြောသည်။

အဆိုပါ တနိုင်း-လီဒို လမ်းမတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ စ၍ ခရီးသွားပြည်သူများတွင် နာဂလူငယ်များ အား ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ တပ်သားစု ဆောင်းနေသလို တနိုင်းမြို့နယ်က နာဂလူမျိုးများ နေထိုင်သည့် ကျေးရွာတချို့ ရှိ လူနေအိမ်များသို့ ဝင်ရောက်ကာ ဖမ်းဆီးနေပြီး တပ်သားစုဆောင်းမှုများ ရှိသည်ဟု ဒေသခံများက ဆိုသည်။

KIA တပ်သားစုဆောင်းမှုကြောင့် ကချင်ပြည် တနိုင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း နန်းယွန်းမြို့နယ်တို့မှ ခရီးသွား ပြည်သူများသည် သွားလာရန် အခက်အခဲများ ကြုံနေရကြောင်းနှင့် ထိုကဲ့သို့ မတရားသဖြင့် တပ်သား စုဆောင်းမှုကို ကန့်ကွက်သည်ဟု တပ်သားသစ် စုဆောင်းမှုကြောင့် အိမ်မပြန်နိုင်သည့် နန်းယွန်းဒေသခံတစ်ဦးက အခုလို ပြောဆိုသည်။

“ဒီလို စုဆောင်းမှုအပေါ် စစ်သားစုဆောင်းတာကို လက်မခံဘူး။ အခုက စီးပွားရေးအတွက်ပဲဖြစ်ဖြစ် နောက်ဆုံး ကျန်းမာရေး တစုံတရာအတွက်ပဲ ဖြစ်ဖြစ် နောက်တခုက သာရေးနာရေးအတွက် ဒါတွေအကုန်လုံးက ရင်တထိတ်ထိတ်နဲ့ သွားနေရတယ်။ ဒါကြီးက လူထုတွေကို ဒုက္ခပေးနေသလိုပဲ ခံစားရတယ်။ နန်းယွန်းဒေသက မြစ်ကြီးနားကို မှီခိုထားရတဲ့ အနေအထား ဖြစ်တယ်။ မဖြစ်မနေ သွားကြတဲ့သူတွေလည်း ဖမ်းခံရတာပဲလေ၊ ကျောင်းသွားတက်ဖို့သွားတာ ပန်ဆောင်ဘက်က ၄ ယောက်ဖမ်းခံရတယ် မကြာသေးဘူး” ဟု အဆိုပါနန်းယွန်း ဒေသခံက ပြောသည်။

ယင်းဒေသတွင် KIA နှင့် စစ်ကောင်စီတပ်တို့ အဓိက လှုပ်ရှားနေပြီး တပ်သားစုဆောင်းမှုတွင် KIA ကသာ စုဆောင်း နေကြောင်းနှင့် ယနေ့ချိန်ထိ နာဂလူငယ်များ မည်မျှ စုဆောင်းခံရထားရသည်ကို အတိအကျ မသိရသေးဟု ဒေသခံများက ပြောဆိုသည်။

KIA က တပ်သားစုဆောင်းနေသည်ဟု ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

သို့သော် အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO) က ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယခု ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့က နာဂလူမျိုး လူငယ်အယောက် ၅၀ ခန့်ကို တပ်သားသစ် စုဆောင်းခဲ့သည်ဟု ဒေသခံများထံက သိရသည်။

အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (Eastern Naga National Organization/Eastern Naga Defence Army – ENNO/ENDA) ကို ၂၀၂၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ နာဂတိုင်းရင်းသားများ အရေးကို လုပ်ဆောင်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်ဟု ပြောဆိုထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here