28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းလိပ်သို၊ အလယ်ချောင်းရွာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံး မီးလောင်

လိပ်သို၊ အလယ်ချောင်းရွာတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံး မီးလောင်

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၂) တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို၊ အလယ်ချောင်း (အောက်) ရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အသက် (၅) နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ရပြီး နေအိမ် ၂ လုံးလည်း မီးလောင်ပြာကျသွားကြောင်း လိပ်သိုဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၁၅ ရက်နေ့က တောင်ငူ-လိပ်သို လမ်းအတိုင်း စစ်ယာဥ်တန်းနှင့်အတူလိုက်ပါလာသည့် စစ်ကောင်စီတပ်နှင့် လမ်းရှင်းပေးသည့် လိပ်သိုမြို့အခြေစိုက် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ-၆၀၃၊ အလယ်ချောင်း စစ်ကောင်စီတပ်စခန်းတို့ကနေ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် ဖြစ်ပွားရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသဖြင့် အလယ်ချောင်း (အောက်) ရွာလမ်းထိပ်ရှိ အရပ်သားနေအိမ် ၂ လုံး မီးလောင်ပြာကျသွားပြီး ယင်းနေ့တရက်တည်းတွင်ပင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အလယ်ချောင်း (အောက်) ရွာခံသားအဖနှစ်ဦးအနက် ကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟု လိပ်သိုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အလယ်ချောင်းအောက်ရွာနဲ့ ကတ္တရာလမ်းပေါ်က လမ်းခွလေ၊ အဲဒီမှာ အိမ်နှစ်အိမ်ရှိတယ်။ အဲဒီနှစ်အိမ်ကို မီးရှို့လိုက်တာ ဘာမှမကျန်တော့ဘူး။ ပိုင်ရှင်တွေကတော့ ထွက်ပြေးသွားတယ်။ သူတို့ ကားလမ်းရှင်းတဲ့အနေနဲ့ ပစ်တော့ လူတွေက ထွက်ပြေးတယ်။ အဲ့လိုပစ်တာကိုမှ သားအဖနှစ်ယောက်ကပြေးရင်းနဲ့ ကလေးကိုသူ့အဖေက ကျောပိုးထားတာ၊ လက်နက်ကြီးထိပြီး ကလေးကပွဲချင်းပြီးသေတယ်။ သူ့အဖေကတော့ ရင်ဘတ်မှာထိတယ်” ဟု ၎င်းက ပြောသည်။

ဒဏ်ရာရထားသူ ဖခင်ဖြစ်သူအား လတ်တလော နယ်မြေအတွင်း ပဋိပက္ခအခြေအနေများကြောင့် တောင်ငူမြို့ ဆေးရုံကြီးသို့ မပို့နိုင်ဘဲ လိပ်သိုမြို့ပေါ်ဆေးရုံတွင်သာ အရေးပေါ်ကုသမှုပေးထားကြောင်း ဇွန်လ ၁၅ ရက် ထိုဖြစ်စဥ်ကိုသိရှိသူ ဒေသခံတချို့က ပြောသည်။

တောင်ငူခရိုင် စစ်ရေးသတင်းရင်းမြစ်များနှင့် သံတောင်ကြီးမြို့နယ်သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ ရေတာရှည်-လိပ်သို လမ်းပိုင်း၊ တောင်ငူ-သံတောင်-လိပ်သို လမ်းပိုင်းများပေါ်တွင် စစ်ကောင်စီက အင်အားဖြည့် စစ်ကြောင်းထိုး ဝင်ရောက်မှုများရှိနေပြီး အချို့ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များပေါ် စခန်းချခြင်း၊ အိမ်ရှိပစ္စည်းများ ခိုးယူသုံးစွဲခြင်းတို့ ရှိနေသည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလပိုင်းကလည်း လိပ်သိုဒေသ၊ သံမိုးတောင်ရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီက ရွာရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းရှိ ဘုရားရှစ်ခိုးကျောင်းအဆောင်နှင့် အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

KIC ပေးပို့သည်။