ရွှေဘိုထောင်တွင် ထောင်ဝင်စာဧည့်တွေ့ရန် ငွေကြေးပေးဆောင်နေရ

0
127
Photo - PPNM

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းသားများ ဧည့်တွေ့ခွင့်ရရှိရန် မိနစ် ၃၀ (နာရီဝက်) အတွက် ငွေကျပ်သုံးသိန်း ပေးဆောင်နေရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) က ပြောသည်။

ရွှေဘိုအကျဉ်းထောင်တွင် နိုဝင်ဘာလ ဒုတိယပတ်မှစတင်၍ အကျဉ်းသားများ ဧည့်တွေ့ခွင့်ရရှိရေးအတွက် မိသားစုများက နာရီဝက်လျှင် ငွေကျပ် ၃ သိန်း ပေးဆောင်နေသည်နှင့်ပတ်သက်ပြီး PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ယခုလိုပြောသည်။

ကိုသိုက်ထွန်းဦးက “ဒီနာရီဝက်ကို ၃ သိန်းကတော့ တခြားရာဇဝတ်တွေထဲက မိသားစုဝင်တွေကတောင်မှ ငွေကြေးတတ်နိုင်တဲ့မိသားစုတွေ တွေ့နေတာတော့ရှိတယ်။ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေတချို့လည်း နောက်ဆုံးမရတဲ့အဆုံး သူတို့တွေဖို့ ပြင်ဆင်နေကြတာတော့ ကျနော်တို့ ကြားသိနေရပါတယ်ခင်ဗျ” ဟု ပြောသည်။

ဧည့်တွေ့ခွင့်သည် အကျဉ်းသားများ၏ အခွင့်အရေးတရပ်ဖြစ်သော်လည်း ရွှေဘိုအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များသည် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး ဧည့်တွေ့နိုင်ရန်အတွက် မိသားစုဝင်များထံမှ ငွေကြေးတောင်းခံမှုများ လုပ်နေကြခြင်းဖြစ်သည်ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ယခုကဲ့သို့ ထောင်အာဏာပိုင်များက ငွေကြေးတောင်းခံနေမှုများကြောင့် အကျဉ်းသားများ၏ မိသားစုများသည် ဧည့်တွေ့နိုင်ရန်အတွက် အခက်အခဲဖြစ်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

ကိုသိုက်ထွန်းဦး “ဒီလိုမျိုး ပါဆယ်ပို့ဖို့တောင် ကြိုးစားရုန်းကန်နေရတဲ့ကာလမှာ အခုလို ငွေတောင်းတာဖြစ်တဲ့အတွက်မို့လို့ လူတိုင်းလည်း မတွေ့နိုင်ဘူးပေါ့နော်။ အခြေခံ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေအနေနဲ့ ဧည့်တွေဖို့ဆို လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေတရပ် ဖြစ်ပါတယ်ခင်ဗျ” ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသား အားလုံးသည် ၎င်းတို့၏အခွင့်အရေးကို ရရှိရန်လိုအပ်သကဲ့သို့ မိသားစုနှင့် ဧည့်တွေ့ခွင့်ရရှိရန်လည်း လိုအပ်သည်ဟု PPNM က ဆိုသည်။

ရွှေဘိုထောင်တွင် ဧည့်တွေ့ရန် ငွေကြေးတောင်းခံနေမှုများအပြင် အကျဉ်းသားများ ကျွေးမွေးစီမံရေးတွင် သတ်မှတ်နှုန်းထားအတိုင်းမဟုတ်ဘဲ တစ်ရက်ခြားလျှင် ကြက်ဥတစ်လုံးစီသာပေး၍ အကျဉ်းသား ကျွေးမွေးစရိတ်အပေါ်တွင် ထောင်ပိုင်များက ကိုယ်ကျိုးစီးပွားရှာနေခြင်းများရှိသည်ဟုလည်း အကျဉ်းဦးစီးဌာနမှ ထွက်ပြေးလာသည့် အကျဉ်းထောင်ဝန်ထမ်းဟောင်းတစ်ဦးမှ PPNM ကို ပြောဆိုထားသည်။

အဆိုပါ ကိစ္စရပ်ကို စုံစမ်းရာတွင် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည် ဟု PPNM က ပြောဆိုသည်။

ထိုအခြေအနေများကို အမြန်ဆုံးရပ်တန့်ပေးရန် လိုအပ်သကဲ့သို့ အကျဉ်းသားအခွင့်အရေးတရပ်ဖြစ်သည့် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို မြန်မာတစ်နိုင်ငံလုံးရှိ ထောင်များတွင် ရရှိနေသည့်နည်းတူ ရွှေဘိုအကျဉ်းထောင်အနေဖြင့်လည်း ရရှိသင့်သည်ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here