ရေဖြူမြို့နယ် အလယ်စခန်းရွာအနီး စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ပစ်ခတ်မှု နေ့စဉ်ဖြစ်ပွားနေ

0
364
ပုံစာ - နှစ်ဘက်တိုက်ပွဲပြမြေပုံ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အလယ်စခန်း အနီးတဝိုက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ အကြား ဇူလိုင်လ ၁၈ ရက်နေ့က စပြီး ပစ်ခတ်မှု နေ့စဉ် ဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“တိုက်ပွဲ ဖြစ်ပြီးကတည်းက နေ့တိုင်း ပစ်ခတ်နေတာ။ တစ်ရက်မှာ ၃၊ ၄ ခါလောက် ပစ်လိုက် ရပ်လိုက်နဲ့ လက်နက်ကြီးရော လက်နက်ငယ်ရော ဗုံးသံတွေရော ကြားနေရတာ။ နှစ်ဖက်ပစ်ခတ်တဲ့ အသံရော တစ်ဖက်တည်း ပစ်နေတဲ့အသံရော ၄၊ ၅ ရက် လောက် ရှိပြီ၊ ဆက်တိုက် ကြားနေရတယ်” ဟု ဒေသခံတစ်ဉီးက ပြောသည်။

အင်အား ၂၀၀ နီးပါး ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းက အလယ်စခန်းကျေးရွာ ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ယနေ့အထိ ကျေးရွာအနီး တဝိုက်တွင် တပ်စွဲထားဆဲ ဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက ကျေးရွာအုပ်ချုပ်ရေးမှူး မှ တဆင့် ကျေးရွာသားများကို စားနပ်ရိက္ခာ လာပို့ခိုင်းနေကြောင်း ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

ဒေသခံတစ်ဉီးက “ အုပ်ချုပ်ရေးမှူးကနေ သူတို့ဆီကို စားနပ်ရိက္ခာတွေ ပို့ခိုင်းတယ်။ အုပ်ချုပ်ရေးမှူးက ဘယ်သူမှ မသွားရဲဘူး ပြောတော့ လာမပို့ရင် သူတို့ဘာသာ သူတို့ကြိုက်တဲ့လူကို ခေါ်ပြီး ပို့ခိုင်းမယ်၊ အဲလို ခြိမ်းခြောက်ပြီး ပြောတယ်” ဟု ပြောသည်။

နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားနေသည့် ဒေသတဝိုက်ရှိ ကျေးရွာများကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က စိုက်ပျိုးခြံများသို့ မသွားကြရန် သတိပေးထားသည့်အတွက် ဒေသခံတို့က ယနေ့အထိ စိုက်ပျိုးခြံများသို့ မသွားရဲကြကြောင်း ပြောဆိုသည်။

အလယ်စခန်း ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် နှစ်ဘက်ပစ်ခတ်မှု ဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်မှု သေဆုံးမှု ရှိခဲ့သလို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်လည်း ထိခိုက်သေဆုံးမှု ရှိကြောင်း ဒေသခံတို့က ပြောသည်။

ရေး ပြောက်ကျားတပ်ဖွဲ့ (Ye Guerrilla Force) က အလယ်စခန်းကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃၅ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ထုတ်ပြန်ထားသည်။

အလယ်စခန်း ကျေးရွာအနီး တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု အခြေအနေနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ပြီးခဲ့သည့် မေလကုန်က ရေဖြူမြို့နယ်၊ အလယ်စခန်းရွာနှင့် လော့သိုင်းရွာ အရှေ့ဘက်ခြမ်းရှိ သာယာဝတီ ကျေးရွာ အနီးတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ရေဖြူမြို့နယ်၊ အလယ်စခန်း ဒေသသည် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေဒေသ ဖြစ်ပြီး စစ်ကောင်စီတပ်များ၊ ကရင်လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည့် အပြင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့လည်း လှုပ်ရှားသွားနေသည်ဟု သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here