တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီး ကြောင်လျှာကွင်းတွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီတပ်သား ၁၀၀ ခန့် တင်ဆောင်လာသည့် စစ်ကား ၄ စီးသည် ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်က အလယ်စခန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်ဟု အလယ်စခန်းဒေသခံ တစ်ဉီးက ပြောဆိုသည်။
“မနေ့ညနေ ၄ နာရီလောက်မှာ ကားလေးစီးနဲ့ စစ်တပ်က စစ်ကြောင်းထိုးလာတယ်။ အင်အားကတော့ ၁၀၀ ကျော်လောက်ရှိမယ်။ ရွာအပြင်ဘက်မှာရော ရွာအနောက်ဘက်မှာရော တပ်ဖြန့်ထားတယ်” ဟု ယင်းဒေသခံက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဇူလိုင် ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်၌ ကြောင်လျှာကွင်းဘက်ကို စစ်ကြောင်းထိုး ဝင်လာပြီးနောက် နေ့လည် ၁၁ နာရီ အချိန်ခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာသည် ရွာနှင့် အနည်းငယ်ဝေးသည့်အတွက် လက်နက်ကြီး ပစ်ခတ်သံများသာ ကြားရကြောင်း၊ လက်နက်ကြီး ပစ်ခတ်သံကို ၁၅ မိနစ်ခန့် ကြားရကြောင်း ဒေသခံတို့က ဆက်ပြောသည်။
ဒေသခံတစ်ဉီးက “လက်နက်ကြီးအသံပဲ ကြားရတယ်။ ၉ ချက် ၁၀ ချက် လောက် ကြားရတယ်။ လက်နက်ငယ် အသံတော့ မကြားရဘူး။ ဖြစ်တဲ့နေရာက ရွာနဲ့ နဲနဲဝေးတော့လေ ထိခိုက်မှု အခြေအနေလည်း ကျွန်တော်တို့ အနေနဲ့ သေချာမသိဘူး၊ သတင်းလည်း ဘာမှမကြားရဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် မေလကုန်က ရေဖြူမြို့နယ်၊ အလယ်စခန်းရွာနှင့် လော့သိုင်းရွာ အရှေ့ဘက်ခြမ်းရှိ သာယာဝတီ ကျေးရွာအနီးတွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
ရေဖြူမြို့နယ်၊ အလယ်စခန်းဒေသသည် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်များ၊ ကရင်လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားသွားလာနေသည့် အပြင် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့လည်း လှုပ်ရှားသွားနေသည်ဟု သိရသည်။
IMNA ပေးပို့သည်။