ရခိုင်တွင် ဆက်သွယ်သွားလာရေး လမ်းကြောင်းများကို စစ်ကောင်စီက ပိတ်ဆို့ထားသည်မှာ ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသဖြင့် ဒေသခံတချို့သည် သွေးနှင့်ငွေသား လဲလှယ်မှုများရှိလာနေကြောင်း သိရှိရသည်။
လူနာများ အရေးပေါ်သွေးလိုအပ်နေချိန်တွင် မွန်မြတ်သော ဇီဝိတဒါနသွေးလှူဒါန်းမှုကို ပြုလုပ်လိုကြသော်လည်း စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကြောင့် ငွေသားဖြင့် လဲလှယ်ရသည်အထိ လုပ်လာနေရခြင်းဖြစ်ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက “စားဝတ်နေရေးကျပ်တည်းလာတော့ ကြုံရာကျပန်း အလုပ်ကြမ်းတွေလုပ်ပြီး တနေ့တာကို ဖြေရှင်းနေရတယ်။ သွေးလှူပြီး အနားယူလိုက်တော့ အလုပ်မလုပ်နိုင်၊ အလုပ်မလုပ်နိုင်ရင် မိသားစုဝမ်းရေးက အဆင်မပြေ၊ ဒါကြောင့် သွေးလှူရင် ပိုက်ဆံပေးရတာတွေထိ ရှိလာတယ်” ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဆင်းရဲနွမ်းပါးသူများနှင့် စစ်ဘေးရှောင်တချို့သည် စားဝတ်နေရေး အကျပ်အတည်းများ ကြောင့် ၎င်းတို့ခန္ဓာကိုယ်ရှိ သွေးကို ငွေသားဖြင့် လဲလှယ်နေခြင်း ဖြစ်သည်ဟု ဆိုသည်။ သွေးလိုအပ်သူများက သွေးထုတ်ပေးမည့်သူကို ငွေကျပ်တစ်သိန်းမှ နှစ်သိန်းကျပ်အထိ ပေးရကြောင်း သိရသည်။
“အိမ်တွေ စွန့်ပြီးလာရတာဆိုတော့ တတ်နိုင်တဲ့လူတွေက ရှိတာတွေကို ထုခွဲရောင်းချပြီး အရင်းအနှီးတွေလုပ်လို့ လုပ်ကိုင် စားသောက်ကြတယ်။ ပိုက်ဆံမတတ်နိုင်တဲ့ လက်လုပ်လက်စားတွေမှာတော့ စားရေးသောက်ရေး အတွက် ခန္ဓာကိုယ်ကိုလည်း ပိုက်ဆံနဲ့ ရင်းလာရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် လူမှုကူညီရေးအသင်းအဖွဲ့များ လုပ်ငန်းလည်ပတ်မှု အားနည်းသွားသဖြင့် အရေးပေါ်သွေးလိုအပ်ချိန် အလွယ်တကူရရှိရန် ခက်ခဲမှုများရှိနေ၍ လူနာရှင်များကိုယ်တိုင် မြေပြင်ကွင်းဆင်းပြီး သွေးအလှူခံနေကြရကြောင်း သိရှိရသည်။
တဖက်တွင် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် အကျပ်အတည်းများစွာကို ရင်ဆိုင်နေကြသော ဒေသခံများမှာ အရာရာကို ဝမ်းရေးနှင့်တိုင်းတာနေကြရသည်။
စားဝတ်နေရေး အကျပ်အတည်းကြုံနေရသဖြင့် ရခိုင်ဒေသတွင်း အခြားမြို့နယ်များတွင်လည်း ယခုကဲ့သို့ ဖြစ်စဉ်များရှိနေကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
ရခိုင်က လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက “သွေးလှူချင်ပေမယ့် သွေးပေးရမယ့်သူတွေမှာ အလုပ်နားရရင် နေ့စားလုပ်အားခတွေ နစ်နာမယ်။ မိသားစုတွေလည်း ရှိပြန်တော့ ပိုခက်ခဲမယ်။ ဒီကြားထဲမှာ နှစ်ဦးနှစ်ဘက် အဆင်ပြေအောင် နားလည်မှုယူပြီး လဲလှယ်နေကြတာပါ” ဟု ပြောသည်။
တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို ဖြတ်လေးဖြတ် စစ်ရေးဗျူဟာကျင့်သုံးနေ၍ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ဒေသခံတို့၏ လူမှုစီးပွားဘဝ ကဏ္ဍအသီးသီးတွင် ကြီးမာသော စိန်ခေါ်မှုများ ဖြစ်ပေါ်နေရသည်။
အောင်ထိန် (DMG) ပေးပို့သည်။