ရခိုင်တွင် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲခံထားရသူများ အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေ

0
371
ပုံစာ - စစ်တွေခရိုင်တရားရုံးသို့ ရုံးချိန်းလာပို့သော အချုပ်ကားတစ်စီးကို ၂၀၂၁ ခုနှစ် အတွင်းကမြင်တွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆို ခံထားရသူများ၏ အမှုများတွင် အမိန့်ချရန်သာ ကျန်ရှိသော်လည်း အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေသည်ဟု မိသားစုဝင်များနှင့် အမှုလိုက် ရှေ့နေများက ပြောသည်။

နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် ကျောက်တော်ဒေသခံ ကိုဇော်ဝင်း (ခ) လူထုဇော်ဝင်း အပါအဝင် ၃ ဦး အမှုကို မြို့နယ်တရားရုံးက အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၇ ကြိမ်အထိ ရှိလာပြီဟု မိသားစုဝင်များက ပြောဆိုသည်။

“အမှုက ကြန့်ကြာနေတော့ ကျမတို့အတွက် အရမ်းနစ်နာတယ်။ မုန်တိုင်းနဲ့ အိမ်တစ်ဆောင်လုံး ပျက်စီးသွားတယ်။ ယောက်ျားက မရှိတော့ သိပ်အခက်ကြုံရတယ်။ ကလေးတွေလည်း ကျောင်းတက်နေရပြီ။ အဖေရှိတာနဲ့ မရှိတာက အရမ်းကွာတယ်။ ဘာကြောင့် အမိန့်မချသေးလဲဆိုတာကို မသိရဘူး” ဟု တရားစွဲခံထားရသည့် ကိုဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်လှဇံက ပြောသည်။

ကိုဇော်ဝင်းပါ ကျောက်တော်ဒေသခံ ၃ ဦးမှာ ၅၀၅ (က) ဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့၏ အမှုမှာ ၁ နှစ်ခန့် ကြာမြင့်လာပြီဖြစ်၍ အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

တရားရင်ဆိုင်နေရသူများကို တရားရုံးက အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ် ရွှေ့ဆိုင်းနေသည့်အတွက် မိသားစုဝင်များနှင့် တရားစွဲဆို ခံထားရသူများမှာ ငွေကြေးအခက်အခဲအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေကြသည်။

မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် မင်းပြားမြို့နယ်၊ ငှက်ရဲကောက် ကျေးရွာခံ ဦးသိန်းဇော်၏အမှုတွင် သက်သေအားလုံး စစ်ဆေးပြီးပြီ ဖြစ်သော်လည်း စစ်တွေမြို့နယ် တရားရုံးမှ အမိန့်မချဘဲ ရုံးချိန်း ရွှေ့ဆိုင်းနေသည်မှာ အကြိမ် ၂၀ ထိ ရှိလာနေပြီဟု မိသားစုဝင်များက ပြောသည်။

ဦးသိန်းဇော်၏ ညီဖြစ်သူ ကိုလင်းလင်းက “အခုအမှုက တစ်နှစ်ခွဲထိ ကြာနေပြီ။ သူ့မှာ အပြစ်ရှိတယ်ဆိုရင်လည်း အပြစ်ပေးပေါ့။ အခုထိ အမိန့်မချသေးဘူး။ ကျနော်တို့ဘက်က နစ်နာတယ်ဆိုတာကို ဘယ်လို ပြောပြရ မလဲတောင် မသိတော့ဘူး။ လွှတ်ရင်လည်း လွှတ်ပေး၊ အမိန့်ချမယ်ဆိုရင်လည်း ချပေးစေချင်တယ်” ဟု ပြောသည်။

ဦးသိန်းဇော်ကို AA နှင့် ဆက်စပ်သည်ဟုဆိုပြီး အမှတ် (၈၂၈) ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ရင်း (စစ်တွေမြို့) မှ ဗိုလ်ကြီး စစ်မင်းနိုင်က တရားလိုလုပ်ပြီး စစ်တွေမြို့နယ်တရားရုံး၌ ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် အမှုအချို့တွင်လည်း တရားလို မရောက်သဖြင့် အမှုရှေ့ဆက်မသွားနိုင်ဘဲ အချိန် ကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။

မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ အဝေးသင် တက္ကသိုလ်၊ ဒုတိယနှစ်ကျောင်းသား ကိုမောင်ဆန်းဌေး နှင့် မင်္ဂလာညွှန့်ကျေးရွာမှ ဆိုင်ကယ်ကယ်ရီမောင်းသူ ကိုခင်ဇော်တို့ အမှုတွင် တရားလို မရောက်သဖြင့် ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၇ ကြိမ်ထိ ရှိလာပြီဟု ၎င်းတို့မိသားစုဝင်များက ပြောသည်။

“အခုလိုလုပ်နေတာ ကျမတို့အတွက် အရမ်းနစ်နာတယ်။ ကလေးတွေမှာလည်း ကျောင်းမတက်ရဘူး။ လုပ်ချင်တာတွေ မလုပ်ရဘူး။ မျှော်လင့်နေရတာ စိတ်ပင်ပန်းတယ်။ ဒါကြောင့် အပြစ်ရှိတယ်ဆိုရင် ထောင်ချ။ အပြစ်မရှိဘူး ဆိုရင် ပြန်လွှတ်ပေးစေချင်တယ်” ဟု ကိုခင်ဇော်၏ အစ်မဖြစ်သူ မနုသန်းယဉ်က ပြောသည်။

အဆိုပါ မောင်တောမြို့ခံ နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) နှင့် ပက်သက်ဆက်နွယ်မှုရှိသည်ဟုဆိုပြီး ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်က စစ်ကောင်စီတပ်က တရားစွဲဆိုခြင်း ဖြစ်သည်။

မှတ်တမ်းပြု ကောက်ယူထားသည့် စာရင်းများအရ ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) (၂)၊ နိုင်ငံတော်ဆူပူ လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)၊ (ခ) တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ နီးပါးရှိသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here