ရခိုင်ပြည်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တွင် နိုဝင်ဘာလ ၁၄ ရက်နေ့ တစ်ရက်တာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၅ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူများထဲတွင် မင်းပြားမြို့နယ်၊ ဆင်ကြီးပြင် (မွတ်ဆလင်ကျေးရွာ) မှ ၄ ဦး၊ အမ်းမြို့နယ်၊ ကဇူးကိုင်းအုပ်စု၊ သက်ကံထောင့်ကျေးရွာမှ ၁ ဦး ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ မင်းပြားမြို့နယ်၊ ဆင်ကြီးပြင် (မွတ်ဆလင်) ရွာမှ ၉ ဦး၊ ဘူးပင်ကျေးရွာမှ ၂ ဦး၊ ကျွန်းညိုကျေးရွာမှ ၁ ဦးနှင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု အလယ်ကျွန်းကျေးရွာမှ ၅ ဦး တို့ ဖြစ်သည်။
နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် မင်းပြားမြို့၊ ကျိန်းတောင်ဘုရားတောင်ပေါ်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲသဖြင့် ဆင်ကြီးပြင် (မွတ်ဆလင်) ကျေးရွာတွင် ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ကျမတို့က အိမ်အောက်မှာဝပ်နေကြတာ။ လက်နက်ကြီးတွေ ကျရောက်လာပြီး အခုလိုသေဆုံးဒဏ်ရာရ သွားတာ။ နှစ်ယောက်က ဦးခေါင်းပွင့်ထွက်ပြီး တစ်ခါတည်းသေသွားတယ်” ဟု ဆင်ကြီးပြင် (မွတ်ဆလင်) ကျေးရွာမှ သေဆုံးသူ ဆွေယောစ်ဟူဆောန်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
အလားတူ မင်းပြားမြို့နယ်၊ ကျွန်းညိုကျေးရွာမှာလည်း နိုဝင်ဘာလ ၁၄ ရက်နေ့ ညအချိန်တွင် မင်းပြားမြို့၊ ကျိန်းတောင်ဘုရားတောင်ပေါ်မှ ပစ်ခတ်လိုက်သည့် စစ်ကောင်စီ၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂၅ နှစ်အရွယ် မမိမိမှာ ဦးခေါင်းတွင် ဒဏ်ရာ ရရှိသွားခဲ့သည်။
ယင်းအပြင် မင်းပြားမြို့နယ်၊ ဘူးပင်ကျေးရွာမှာ အသက် ၂၄ နှစ်အရွယ် မမဲမချေတို့ လင်မယားနှစ်ဦးမှာ ကျေးရွာအတွင်း လမ်းသွားလမ်းလာလုပ်နေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိ သွားကြောင်း မိသားစုဝင်ထံမှ သိရသည်။
လက်နက်ကြီးကျည်စ ထိမှန်သွားသည့် မမဲမချေမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရသဖြင့် လက်ရှိတွင် မင်းပြားဆေးရုံသို့ ပို့ဆောင်ထားရကြောင်း မိသားစုဝင်တစ်ဦးဖြစ်သူ ကိုမောင်အေးလှိုင်က ပြောသည်။
“ဆေးရုံကိုသွားဖို့ ဘယ်ယာဉ်မှ ခေါ်လို့မရတဲ့အတွက် ကိုယ့်မိသားစုကပဲ ထမ်းပိုးပြီး ဆေးရုံပို့လိုက်ရပါတယ်။ သူမကတော့ အခုထိ သတိမရသေးဘူး။ သူ့အမျိုးသားကတော့ ဒဏ်ရာနည်းနည်းပဲ ဖြစ်လို့ မစိုးရိမ်ရဘူး” ဟု ကိုမောင်အေးလှိုင်က ပြောသည်။
အမ်းမြို့နယ်၊ ကဇူးကိုင်းအုပ်စုနှင့် ဒါးလက်ချောင်းအုပ်စု ကျေးရွာများတွင် နိုဝင်ဘာလ ၁၄ ရက် ညအချိန်တွင် ကဇူးကိုင်းအုပ်စုရှိ တောဟိန်းတောင်ပေါ်၌ တပ်စွဲထားသည့် စစ်ကောင်စီ၏ ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယခုကဲ့သို့ သေဆုံးဒဏ်ရာ ရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“သူတို့က အိမ်မှာ အိပ်နေကြတာ။ ဒီဘက်မှာက တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ သူတို့ (စစ်ကောင်စီ) က လက်နက်ကြီးတွေက တစ်ညလုံးပစ်တယ်” ဟု ဒါးလက်ချောင်းအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီး ကျရောက်မှုကြောင့် ဒဏ်ရာရရှိသွားသည့် မင်းပြားမြို့နယ်မှ ဒေသခံများမှာ လက်ရှိ၌ မင်းပြား ဆေးရုံတွင် ဆေးကုသခံယူနေပြီး အမ်းမြို့နယ်၊ အလယ်ကျွန်းကျေးရွာမှ ဒဏ်ရာရရှိသွားသူများမှာ ဒါးလက်ချောင်း အုပ်စုရှိ အနောက်ကျေးရွာဆေးခန်းတွင် ဆေးကုသခံယူနေကြသည်ဟု ဆိုသည်။
ဆင်ကြီးပြင် (မွတ်ဆလင်) ကျေးရွာမှ ရပ်မိ/ရပ်ဖတစ်ဦးက “ကိုယ့်အိမ်မှာနေပြီး မသေသင့်ပဲ သေသွားရတယ်။ ကျနော်တို့မှာ ဘာအပြစ်မှမရှိတဲ့အတွက် အရပ်သားတွေရှိတဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ် မပစ်ခတ်ဖို့လည်း တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ နိုဝင်ဘာလ ၁၃ ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု တိုးလာနေသည်။
မှတ်တမ်းပြုစု ကောက်ယူထားသော စာရင်းအရ ရခိုင်တွင် တိုက်ပွဲဖြစ်ပွားသည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ အထိ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း မြို့နယ်တို့တွင် လက်နက်ကြီး ကျရောက်မှု၊ ပစ်ခတ်ခံရမှုကြောင့် အရပ်သားသေဆုံးသူ ၉ ဦး နှင့် ဒဏ်ရာရရှိသူ ၃၇ ဦးထိရှိနေသည်။
အောင်ထိန်(DMG) ပေးပို့သည်။