ရခိုင်တွင် စစ်ကောင်စီကားများ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရကြသည့်အထိ မဆင်မခြင် မောင်းနှင်နေဟုဆို

0
300
ပုံစာ - ရခိုင်တွင် ကင်းလှည့်သွားလာနေသည့် စစ်ကောင်စီယာဉ်တစ်စီး

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီကားများ ယခုရက်ပိုင်းတွင် ယခင်ထက် သွားလာမှုများနေပြီး မဆင်မခြင် မောင်းနှင်နေမှုကြောင့် ဒေသခံအရပ်သားပြည်သူများသာမက ဘုန်းကြီးပါ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိနေသည်ဟု ပြောဆိုကြသည်။

ကျောက်တော်မြို့ရှိ ရထားဘူတာ ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသည့် အသက် ၆၆ အရွယ် ဦးကျော်စိုးချေ (အမည်လွှဲ) သည် ဇူလိုင် ၂ ရက် ဟင်းသီးဟင်းရွက် ထည့်လာသည့် ခြင်း ၂ ခုကို ဆိုင်ကယ်ဖြင် တင်ဆောင်လာစဉ် စစ်ကား အနည်းဆုံးအစီး ၅၀ ခန့်ရှိသည့် စစ်ကောင်စီယာဉ်တန်းထဲမှ ကားတစ်စီးက ရှပ်တိုက်သွားသဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း ကာယကံရှင်က ပြောသည်။

“ရထားဘူတာ ကယ်ဆယ်ရေးစခန်းကနေ ကျောက်တော်မြို့ကို ဟင်းသီးဟင်းရွက်တွေ ရောင်းချဖို့ ဆိုင်ကယ်နဲ့ မောင်းလာတာပါ။ စစ်ကောင်စီယာဉ်တန်း နောက်ကနေ ပါလာတာကို သိတဲ့အတွက် ဆိုင်ကယ်ကို လမ်းဘေး ကပ်ပေးခဲ့ပေမယ့် စစ်ကောင်စီယာဉ်တန်းထဲက ကားတစ်စီးကနေ ဝင်တိုက် သွားတယ်၊ ဆိုင်ကယ်လဲကျပြီး ဒဏ်ရာရပါတယ်” ဟု ၎င်းက ပြောသည်။

ဆိုင်ကယ်လဲကျခဲ့ရာတွင် ခြေမျက်စေ့နားတွင် ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး ခါးနှင့်ခြေထောက်များ နာကျင်ကိုက်ခဲနေကြောင်းနှင့် ဆိုင်ကယ်၏ ဒူးကာ၊ ကာဗာများ ပျက်စီးသွားသည်ဟု ဦးကျော်စိုးချေက ဆက်ပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ကျေးရွာ အနီးတွင် ဇွန်လ ၂၉ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းမှ ကားတစ်စီးသည် လမ်းဘေးတွင် ချရပ်ထားသည့် တုတ်တုတ် (သုံးဘီးယာဉ်) တစ်စီးအား ဝင်တိုက်ခဲ့ရာတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ သက်တော် ၆၀ ကျော် အရွယ် ကျောင်းထိုင် ဆရာတော်ကြီးနှင့် တုတ်တုတ်မောင်းသမားတို့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျောင်းထိုင်ဆရာတော်ကြီးမှာ ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုမှု ခံယူနေရသည်ဟု ဒေသခံတို့၏ ပြောဆိုမှုအရ သိရသည်။

ယခုကဲ့သို့ အရပ်သားပြည်သူကို ယာဉ်ဖြင့် တိုက်မိသည်ကို သိသော်လည်း စစ်ကောင်စီကားများက ရပ်တန့်မှု မရှိခဲ့သလို ဒဏ်ရာရသူများကို တစ်စုံတရာ မေးမြန်းတောင်းပန်ခြင်း မရှိဘဲ ကားများကို ဆက်မောင်း သွားသည်ဟု ဒဏ်ရာရသူများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here