မွန်၊ ကရင်နှင့် တနင်္သာရီတို့တွင် ဇူလိုင်လအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၆ဝ နီးပါးသေဆုံးခဲ့

0
120

မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း အရပ်သားပြည်သူ ၆၀ နီးပါး သေဆုံးခဲ့သည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်းဒေးရှင်း (HURFOM ) ထံမှ သိရသည်။

“ဇူလိုင်လက လူ့အခွင့်အရေးရဲ့ လစဉ်ခြုံငုံသုံးသပ်ချက် စာရင်းမှတ်တမ်းအရ လူတွေ သေဆုံးခဲ့ရတာများတယ်။ ၅၃ ဦး နဲ့ ၅၈ ဦး ကြား သေဆုံးခဲ့ရတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ၊တနင်္သာရီ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကျနော်တို့ focus ထားတဲ့ ဒေသတွေပေါ့၊ ထိခိုက်ဒဏ်ရာရတာ ၁၀၀ ကျော်တယ်” ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်းဒေးရှင်း၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်က ပြောသည်။

မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပိုမိုလုပ်ဆောင်မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း အစုလိုက်အပြုံလိုက် သေဆုံးမှု အမျာဆုံးဖြစ်ပွားခဲ့သည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်က ဆိုသည်။

တစ်လအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်၂ နှစ်အရွယ်ကလေးနှင့် အသက် ၁၅ နှစ် အရွယ် လူငယ်တစ်ဦးအပါအဝင် အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးတို့ သေဆုံးခဲ့ရပြီး ကော့ကရိတ်၊ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရော၊ ရေးနှင့် ရေဖြူ မြို့နယ်တို့တွင် နေအိမ် ၁၂၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်က ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျိုက်မရောမြို့နယ် ငပုအင်းကျေးရွာအတွင်းသို့ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀ ကျော် သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ အများအပြားရှိခဲ့သည့် အဆိုပါဖြစ်စဉ်သည် မွန်ပြည်နယ်အတွင်း စစ်ကောင်စီ၏ အဆိုးဝါးဆုံး အစုလိုက်သတ်ဖြတ်မှုဖြစ်သည်ဟု ဆိုသည်။

ဇူလိုင်လအတွင်း စစ်ကောင်စီက လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ် ပြုလုပ်ခဲ့ပြီး ရေဖြူ၊ ထားဝယ်၊ ရေးနှင့် ကော့ကရိတ် မြိုနယ်တို့တွင် မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဒေသခံ ၁၂ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုလည်း HURFOM ၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။

မွန်၊ ကရင်၊ တနင်္သာရီတို့တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က လူ့အခွင့်အရေးချို့ဖောက်မှုများကို နည်းမျိုးစုံနှင့် ပြုလုပ်နေပြီး မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၆ နှစ်တာအတွင်း စစ်ကောင်စီအဖွဲ့၏ သတ်ဖြတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၇၀ နီးပါး သေဆုံးခဲ့ရသည်ဟုလည်း လဂွန်းအိမ်စာစဉ်မှ ဖော်ပြချက်အရ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here