
မြန်မာနိုင်ငံမြောက်ပိုင်း၊ ရှမ်းပြည်နယ်အတွင်း (Operation 1027 ) ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်၍ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် အခြားတော်လှန်ရေးအင်အားစုများနှင့်အတူ ရပ်တည်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။
TNLA, AA နှင့် MNDAA တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်တပ်များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အနှံ့မှ စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခြင်းမှ စတင်ခဲ့ခြင်းဖြစ်ရာ လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းဆည်း ရမိထားကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေး အခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီကို တွန်းလှန်တိုက်ပွဲဝင်နေသော ညီနောင် မဟာမိတ်၃ ဖွဲ့အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် KNU က သဘောထားရပ်တည်ချက်တူညီကြောင်း KNU ၏ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက အခုလိုပြောသည်။
“ဒါက စစ်ကောင်စီက အာဏာသိမ်းလိုက်တဲ့အပေါ်မှာ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ပါ။ မြောက်ပိုင်း မဟာမိတ်တွေအနေနဲ့ ဒီထက်ပိုပြီး စခန်းတွေသိမ်းနိုင်မယ်လို့လည်း သုံးသပ်တယ်၊ ဘဝတူတော်လှန်ရေး အစုအဖွဲ့လည်းဖြစ်တဲ့ ဘုံရန်သူစစ်ကောင်စီနဲ့ မဟာလူမျိုးကြီးဝါဒကို တော်လှန်တိုက်ပွဲဝင်နေတဲ့ အစုအဖွဲ့ အားလုံးနဲ့ ကျနော်တို့က သဘောထားရပ်တည်ချက်တူညီမှု ရှိနေပါတယ်။ နည်းပရိယာယ်ပိုင်း မတူညီတာဘဲ ရှိမယ်၊ ရပ်တည်ချက်ကတော့ အတူတူပဲရှိမှာပါ” ဟု ပဒိုစောကလယ်စေးက ပြောသည်။
မြန်မာပြည်တောင်ပိုင်း KNU ထိန်းချုပ်နယ်မြေများ ဖြစ်သည့် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့များတွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေကြောင်း KNU ဘက်က သတင်းထုတ်ပြန်ထားသည်။
ထို့အတူ KNU လက်အောက်မှ တောင်ပိုင်းတော်လှန်ရေးအင်အားစုများနှင့် မြောက်ပိုင်းအင်အားစုများ ပူးပေါင်းတိုက်ပွဲ ဖော်ဆောင်နိုင်မှု ရှိမရှိ အခြေအနေနှင့် ပတ်သက်၍ မေးမြန်းရာတွင် KNU ပြောခွင့်ရ ယခုလို ဆက်ပြောသည်။
“စစ်ရေးအရ မြောက်ပိုင်းအင်အားစုနဲ့ ပူးပေါင်းဖို့ ဆိုတာကတော့ နယ်မြေအနေအထားအရ တော်တော်လေး အလှမ်းဝေးပြီးတော့ စည်းခြားမှုပေါ့နော်၊ နေပြည်တော်ဆိုတဲ့နေရာက ရှိနေသလို ကျနော်တို့ရဲ့ တောင်ပိုင်း ဘက်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေလည်း ရှိနေလို့ ပူးပေါင်းဆောင်ရွက်ဖို့ကတော့ တော်တော်လေး ခက်ခဲပါတယ်” ဟု ပဒိုစောကလယ်စေးက ဆိုသည်။
ထို့အပြင် KNU အနေဖြင့်လည်း စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ ပပျောက်နိုင်ရေး၊ တန်းတူညီမျှမှု ရရှိရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည် ဖြစ်သလို ပြည်သူလူထုအပါအဝင် တော်လှန်ရေး အင်အားစုများ၊ လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထပ်တိုးကြိုးစား တွန်းလှန်ကြရန်လည်း ၎င်းက ဆက်လက်တိုက်တွန်း ပြောဆိုသည်။
မြောက်ပိုင်းအင်အားစုများ၏ စစ်ဆင်ရေး၏ လက်ရှိအခြေအနေအရ ရှမ်းပြည်မြောက်ဘက် ချင်းရွှေဟော်မြို့ ကို လုံးဝထိန်းချုပ်ထားနိုင်သော အနေအထားဖြစ်သလို စစ်ကောင်စီ၏ စခန်းပေါင်း ၅၀ ကျော်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဆက်လက်၍လည်း တိုက်ပွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း MNDAA ၏ ပြောရေးဆိုခွင့် ရှိသူက ဒေသတွင်းမီဒီယာသို့ ဖြေကြားထားသည်ကို တွေ့ရသည်၊
ထို့အတူ မြောက်ပိုင်းရှိ တိုက်ပွဲများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးနေရ၍ စားနပ်ရိက္ခာ ထောက်ပံ့မှု လိုအပ်ချက် ရှိနေသလို တောင်ပိုင်းတွင်လည်း ပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်ဒဏ်ရာ ရရှိမှုများရှိနေပြီး မြဝတီ၊ ကော့ကရိတ်၊ ဖားအံ၊ မော်လမြိုင် လမ်းပိုင်းများတလျှောက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
ကေအိုင်စီ ပေးပို့သည်။