
ရခိုင်ပြည်၊ မြေပုံမြိုနယ်၊ သရက်တောင်ကျေးရွာကို မတ်လ ၂၃ ရက် နေ့လည် ၁၂ နာရီခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
“ဂျက်ဖိုက်တာနဲ့ လာကြဲတာ။ ရွာထဲကိုရော ရွာပြင်ကိုရော ဗုံးသီး ၇ လုံးလောက် ကျတယ်။ ရွာအပြင်က ပုစွန် မွေးမြူရေးကန်မှာနေတဲ့ အသက် (၅၀) အရွယ် အမျိုးသားတစ်ယောက် သေသွားတယ်။ အခု သဂြိုလ်ဖို့လုပ်နေ ကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
သေဆုံးသွားသူမှာ သရက်တောင်ကျေးရွာတွင် လာရောက်နေထိုင်နေသည့် မင်းပြားကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ဒဏ်ရာရရှိသွားသူမှာ သရက်တောင်ကျေးရွာသား ဖြစ်ကြောင်း ရွာသားများက ဆိုသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးသွားပြီး ဒေသခံများသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
မတ်လ ၂၂ ရက် ကလည်း မြေပုံမြိုနယ်၊ ညောင်ကန်ကျေးရွာနှင့် တောင်ပေါက်ကျေးရွာတိုကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရရှိသွားပြီး နေအိမ်များလည်း မီးလောင်ပျက်စီး သွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် မြေပုံမြိုနယ်အတွင်းက ကျေးရွာအချိုကို ယခုရက်ပိုင်းတွင် လေကြောင်းဖြင့် လာရောက်ဗုံးကြဲမှုများ ဆက်တိုက်ရှိလာသဖြင့် ဒေသခံများအကြား စိုးရိမ်မှု မြင့်တက်နေသည်။
သရက်တောင်ဒေသခံ အမျိုးသမီးတစ်ဦးက “အနီးအနားမှာ တိုက်ပွဲတွေ ရှိတယ်ဆိုရင်တောင် ကျမတို့ကရွာကို ထားပြီး တိမ်းရှောင်နေကြမှာ။ အခုကဘာတိုက်ပွဲမှလည်း မရှိဘူး။ ဒါကိုမှ ဟိုရွာကို ဗုံးကြဲလိုက်၊ ဒီရွာကို ဗုံးကြဲလိုက်နဲ့ ပြည်သူတွေကို သက်သက်မဲ့ သတ်ဖြတ်နေတယ်” ဟု ပြောသည်။
ရခိုင်ပြည်တွင် စစ်ရေးအရ အရေးနိမ့်နေသော စစ်ကောင်စီသည် လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် အရပ်သားများ နေထိုင်ရာ မြို/ရွာများကို ဦးတည်ပစ်ခတ်နေတာကြောင့် ထိခိုက်သေဆုံးမှုများ နေ့စဉ် ရက်ဆက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ကောက်ယူထားသည့် စာရင်းများအရ မတ်လ ၁၅ ရက် မှ ၂၃ ရက် အထိ ၈ ရက်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် မြောက်ဦး၊ မင်းပြား၊ မြေပုံ မြိုနယ်တိုတွင် အရပ်သား သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရသူ ၄၀ ကျော် ထက်မနည်း ရှိနေကြောင်း သိရှိရသည်။
အောင်ထိန် (DMG)ပေးပို့သည်။