28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းမြိုင်မြို့နယ်တွင် မင်္ဂလာပွဲကျင်းပနေသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲလို့ လူ ၂၀ ခန့်သေဆုံး

မြိုင်မြို့နယ်တွင် မင်္ဂလာပွဲကျင်းပနေသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲလို့ လူ ၂၀ ခန့်သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်ရှိ ဘုန်းကြီးကျောင်း၌ မင်္ဂလာဆောင်ကျင်းပနေစဉ် စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူ ၂၀ ခန့်သေဆုံးကြောင်း ဒေသခံများက ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ မင်္ဂလာဆောင်ကျင်းပနေသော ကျောက်ခွက်ရေနံမှော်ရှိ ဆုံကုန်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်သွားခဲ့ခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက “လောလောဆယ်တော့ နှစ်ဆယ်ကျော်ပဲသိရသေးတယ်။ ထိခိုက်တဲ့လူနာကလည်းများတယ်။ လူစည်ကားတဲ့အချိန်မှာ ဖြစ်တာဆိုတော့ ပြည်သူတွေအများစုထိခိုက်တယ်” ဟု ပြောသည်။

လက်ရှိအချိန်ထိ သေဆုံးဒဏ်ရာရသူများကို ကယ်ဆယ်နေရဆဲဖြစ်သည့်အတွက် အခြေအနေကို တိတိကျကျသိရှိရန် ခက်ခဲနေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် လေကြောင်းအန္တရာယ်လည်း စိုးရိမ်ရသည့်အတွက် သတိထားကယ်ဆယ်နေရပြီး နောက်ဆက်တွဲအခြေအနေကို သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်မှသာ တိတိကျကျသိရမည်ဟု ဆိုသည်။

စစ်ကောင်စီက မကွေးတိုင်းအတွင်း စက်တပ်လေထီး၊ ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် သေဆုံးထိခိုက်မှုများလာနေပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၃ ရက်ကလည်း မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ရှိ မုံညှင်းကျေးရွာကို စက်တပ်လေထီးဖြင့် ဗုံးကြဲခဲ့သည့်အတွက် ပြည်သူ ၈ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။