မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ကန်နီရှိ ပျူစောထီးရွာကိုသွားသည့် စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်သေဆုံး နိုင်တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နှင့် ဇန်နဝါရီ ၅ ရက်နေ့တွေက အဆိုပါ စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ရှေ့ထွက်မိုင်း၊ ဒရုန်းအီနာဂါဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ မြိုင်ပကဖ တာဝန်ရှိသူများက ပြောသည်။
“တိုက်ခိုက်မှုကြောင့် မြိုင်မြို့နယ်အတွင်းက ထွက်မလာရဲဘဲ မြို့တွင်းမှာပုန်းခိုနေပြီး ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို အသုံးချပြီး ပြန်ထွက်ဖို့ ပြင်ဆင်နေတယ်” ဟု မြိုင်ပကဖတာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ ယင်းစစ်ကောင်စီစစ်ကြောင်းသည် ရှေ့ဆက်မတိုးနိုင်သေးဘဲ ထိခိုက်ခဲ့သူတွေကို မြိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း စုံစမ်းသိရတယ်လို့ မြိုင်ပကဖတာဝန်ရှိသူက ဆိုသည်။
အဆိုပါတိုက်ခိုက်မှုတွေကို မြိုင် ပ.က.ဖ ဒရုန်းတပ်ဖွဲ့၊ Myaing UAV Fighter၊ ဗိုလ်မြွေဆိုးတပ်ဖွဲ့၊ တိုက်နယ် ၄ MPL တပ်ဖွဲ့၊ မြိုင်ပ.က.ဖ တပ်ရင်း ၃ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ နဲ့ Earthquake Defense Force (Pku) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရသည်။
မြိုင်မြို့နယ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ကစပြီး စစ်ကောင်စီစစ်ကြောင်းဝင်ရောက်နေတာကြောင့် မြိုင်-လင်းကတောလမ်း၊ မြိုင်-ကန်နီလမ်းပိုင်းတွေကို အသုံးမပြုကြရန်နှင့် စစ်ရေးသတင်းနားစွင့်ထားကြရန် တော်လှန်ရေးတပ်များက အသိပေးထားသည်။
စစ်ကောင်စီတပ်သည် မြိုင်မြို့နယ်ကို မကြာခဏ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကလည်း ဒေသခံ ၁၁ ဦးနှင့် PDF ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးခဲ့ပြီး PDF ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သည်။
သံလွင်တိုင်းမ် ပေးပို့သည်။