မြိုင်တွင် တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီထောက်ပို့ယာဉ်ကိုသိမ်းဆည်းမိခဲ့

0
337
Photo - မြိုင် ပ.က.ဖ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းပါ ထောက်ပို့ယာဉ် ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင်ပကဖက သတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကောင်စီယာဉ်တန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က တွင်းမနှင့် သရက်ကန် ပျူစောထီး ကျေးရွာများကြားတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း ရှိခဲ့တယ်လို့ သိရသည်။

“ကားက ကန်းနီ ပျူစောထီးရွာကို ရိက္ခာသွားပို့တာ မနိုင်လို့ ပြန်လှည့်လာတဲ့ကား။ ကားတွေလည်း ထိခိုက်တယ်။ စစ်ကောင်စီတပ်သားတွေကိုလည်း အီနာဂါမိုင်းတွေနဲ့ တိုက်ခိုက်လို့ ပြင်းပြင်းထန်ထန် ထိခိုက်သွားတယ်လို့ သိရပြီးတော့ သေဆုံးစာရင်းကို စုံစမ်းဆဲဖြစ်တယ်” လို့ မြိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီထောက်ပို့ယာဉ် ၂ စီး ပျက်စီးသွားတယ်လို့သိရပြီး ပျက်စီးသွားသည့် ယာဉ် ၁ စီးကို စစ်ကောင်စီတပ်သားများက ယူဆောင်သွားကြပြီး နောက်တစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့တာ ဖြစ်တယ်လို့ အဆိုပါတာဝန်ရှိသူ၏ ပြောဆိုမှုအရ သိရသည်။

နိုင်ငံအနှံ တိုက်ပွဲဖော်ဆောင်နေကြတာကြောင့် စစ်ကောင်စီတပ်၏ ထောက်ပို့ကားများနှင့် စစ်လက်နက်ပစ္စည်းများကို တော်လှန်ရေးတပ်တွေက မကြာခဏ တိုက်ခိုက်သိမ်းဆည်းနေတာဖြစ်တယ်လို့ ဆိုသည်။

မြေပြင်သတင်းရင်းမြစ်များ ပြောဆိုချက်အရ ယင်းသို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း ၁ – တပ်ခွဲ (၁) ၊ တပ်ခွဲ (၂-ဂဠုန်) ၊ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့ ၊ Myaing Warriors တပ်ဖွဲ့ ၊ MRDF တပ်ဖွဲ့ ၊ KMDF (ကမ္မတပ်ပေါင်းစု) နဲ့ PDF Kamma ( ကမ္မတပ်ပေါင်းစု) တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here