မြဝတီမြို့အတွင်း စစ်မဖြစ်ရန်နှင့် စစ်မဲ့ဇုန်သတ်မှတ်ပေးရန် စစ်ရှောင်များနှင့်ဒေသခံများ တောင်းဆို

0
179
Photo – Social Media

ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်း စစ်မဖြစ်ရန်နှင့် စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေးရန် မြို့တွင်းရှိ စစ်ရှောင်များနှင့် ဒေသခံများက လက်နက်ကိုင်တပ်ဖွဲ့များထံ ဧပြီ ၉ ရက်နေ့ ညနေပိုင်းက ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြကြောင်း မြဝတီမြို့တွင် နေထိုင်သူများက ပြောဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ အကြား ဖြစ်ပွားနေသည့် မြဝတီမြို့ပြင်ဘက် တိုက်ပွဲများနှင့် ဆက်စပ်၍ ထိုသို့တောင်းဆိုနေခြင်းဖြစ်ကြောင်း သိရသည်။

မြဝတီမြို့ခံအမျိုးသားတစ်ဦးက “စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေက မြဝတီမှာစစ်ဖြစ်ရင် သူတို့ပြေးစရာ မြေမရှိဘူး။ ဘယ်သူ သူတို့ကိုလာကျွေးမလဲပေါ့၊ အခုက မြဝတီမှာ နေဖို့နေရာရှိသေးတယ်။ အလှူရှင်တွေ သူတို့ကို လာကြည့်သေးတယ်။ တကယ်လို့ မြဝတီမှာသာဖြစ်ပြီဆိုရင် သူတို့စားရေးသောက်ရေး နေထိုင်ရေးက အစ အခက်အခဲဖြစ်ပြီဆိုတော့ စစ်မဖြစ်စေချင်ဘူး အဲဒါကြောင့် ဆန္ဒဖော်ထုတ်တဲ့သဘောမျိုးပါ” ဟု ပြောသည်။

လက်ရှိ၌ မြဝတီမြို့ပေါ်နှင့် အနီးဝန်းကျင်တွင် ကော့ကရိတ်၊ ဝှေ့ရှမ်း၊ ရွာသစ်၊ မဲ့ပလဲ၊ သင်္ယန်းညီနောင် အစရှိသည်တို့မှ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာသူ ထောင်နှင့်ချီရှိနေပြီး ယနေ့ပြုလုပ်သော ဆန္ဒဖော်ထုတ်ပွဲတွင်လည်း ၎င်းစစ်ရှောင်အချို့ပါဝင်နေကြောင်း နီးစပ်သူဒေသခံအချို့၏ပြောပြချက်အရ သိရသည်။

ထိုနေ့တစ်နေ့တည်းတွင်ပင် အညံ့ခံရန် ငြင်းဆန်နေသော မြဝတီမြို့ပြင်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၂၇၅) ကို KNLA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က တပ်စခန်းအနီးတဝိုက်သာမက မြို့အထွက် အချို့နေရာများသို့ လေကြောင်း၊ လက်နက်ကြီးများ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

တကျော့ပြန်တိုက်ပွဲဖြစ်ပွားသည့် အခြေအနေကြောင့် မြဝတီမြို့နေ ပြည်သူတချို့လည်း ထိုင်းနိုင်ငံ မဲဆောက် ဘက်ခြမ်း ပြေးဝင်မှု များပြားနေကြောင်းနှင့် မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် (၁) တွင် လက်နက်ကိုင်တပ်ဖွဲ့တချို့ လုံခြုံရေးယူထားကြောင်း ဒေသခံများနှင့် ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံဘက်ကလည်း အိမ်နီးချင်းမြန်မာနိုင်ငံ၏ အရေးပေါ်အခြေအနေနှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် လူသားချင်းစာနာမှု ထောက်ပံ့ပေးမည့်ကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု မီဒီယာများမှတဆင့် အသိပေးထားသည်။

ဆန္ဒဖော်ထုတ် တောင်းဆိုကြသူများက စစ်ဘေးရှောင်များခိုလှုံရာ မြဝတီမြို့ကို ချမ်းသာပေး၊ ဆက်ပြေးစရာ မြေမရှိတော့သည့်အတွက် မြဝတီမြို့ကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ပေး အစရှိသည့် စာတမ်းများကို ကိုင်ဆောင်၍ အင်အား ၅၀၀ နီးပါးဖြင့် မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်၊ ဘောလုံးကွင်းအတွင်း ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here