မြန်မာစစ်ဘေးရှောင်များအရေး အတတ်နိုင်ဆုံးဆက်လက်ဆောင်ရွက်မည်ဟု မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်သစ် ပြောဆို

0
282
ပုံစာ - မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ်သစ် ပူးလာလ်ဒိုအောမ်မာ

မြန်မာနိုင်ငံက ထွက်ပြေးတိမ်းရှောင်ကြသည့် စစ်ဘေးရှောင်ပြည်သူများအရေးကို အတတ်နိုင်ဆုံး ဆက်လက် ဆောင်ရွက်သွားရန် အိန္ဒိယဗဟိုအစိုးရနှင့် မကြာခင်မှာ တွေ့ဆုံဆွေးနွေးသွားမည်ဟု မီဇိုရမ်ပြည်နယ်၌ ၀န်ကြီးချုပ်အသစ် ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာက ပြောသည်။

မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေသည့် စစ်ဘေးရှောင် ပြည်သူများအရေးကို မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး မကြာခင် ရက်ပိုင်းအတွင်း အစိုးရအသစ်ဖွဲ့စည်းတော့မည့် Zoram People’s Movement (ZPM) ပါတီခေါင်းဆောင်လည်းဖြစ် ၀န်ကြီးချုပ်သစ် ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာက သတင်းထောက်များထံ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အိန္ဒိယ ပြည်ထဲရေး၀န်ကြီး၊ နိုင်ငံခြားရေးရာ ၀န်ကြီးတို့နှင့်လည်း ဖုန်းဖြင့် စကားပြောဆိုရာမှာ မြန်မာ စစ်ဘေးရှောင်အရေး၊ အိန္ဒိယ၏ မြန်မာအပေါ်ထားရှိသော ပေါ်လစီ စသည့်အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြသည့်အပြင် နယူးဒေလီမြို့သို့ သွားရောက်ပြီး လူကိုယ်တိုင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကာ မြန်မာစစ်ဘေးရှောင်များအတွက် အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်သွားမည်ဟု ပူးလာလ်ဒိုအောမ်မာက ပြောသည်။

မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် နို၀င်ဘာလ ၇ ရက်နေ့က ၉ ကြိမ်မြောက် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲကို ကျင်းပခဲ့ကြပြီး အတိုက်ခံပါတီဖြစ်သည့် Zoram People’s Movement (ZPM) က မဲဆန္ဒနယ်မြေ ၄၀ တွင် ၂၇ နေရာမှာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ပါတီသက်တမ်း ၆ နှစ်သာ ရှိသေးသည့် Zoram People’s Movement (ZPM) ပါတီသည် ပထမဦးဆုံးအကြိမ် အစိုးရ ဖွဲ့စည်းခွင့်ရရှိမှာလည်း ဖြစ်သည်။

လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ပူးလာလ်ဒိုအောမ်မာ ဦးဆောင်မည့် မီဇိုရမ်ပြည်နယ် အစိုးရသစ်ကို တရား၀င် လက်ခံအတည်ပြုမည်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) အိမ်ယာ Raj Bahwan တွင် ကျမ်းသစ္စာ ကျိန်ဆိုသည့် အခမ်းအနား ကျင်းပမည် ဖြစ်သည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံက စစ်ဘေးရှောင် သုံးသောင်းကျော် ခိုလုံလျက်ရှိကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here