မဲကနယ်ရွာ ပြန်လည်ထူထောင်ရန်နှင့် စစ်ဘေးရှောင်များအတွက် ကရင်လက်နက်ကိုင် ၄ ဖွဲ့ ထောက်ပံ့ကူညီ

0
338
ပုံစာ - စစ်ဘေးရှောင်များအတွက် ကရင်လက်နက်ကိုင် ၄ ဖွဲ့ ထောက်ပံ့ကူညီပေးအပ် (photo –CJ)

ကေအဲန်ယူတပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ မြဝတီမြို့အပြင်ဘက်ရှိ မဲကနယ်ကျေးရွာ ပြန်လည်ထူထောင်ရန်နှင့် စစ်ဘေးရှောင်ပြည်သူများအတွက် ကရင်လက်နက်ကိုင် ၄ ဖွဲ့ စည်းလုံးညီညွှတ်ရေးကော်မတီက စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ထောက်ပံ့ငွေများအား သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း နယ်မြေတာဝန်ခံထံမှ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU၊ နယ်ခြားစောင့်တပ် BGF၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA-PC နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ ပါဝင်သည့် အဆိုပါ စည်းလုံးညီညွှတ်ရေး ကော်မတီက မဲကနယ်၊ လေးကေကော်၊ ပဟိကလော်၊ ထီးမယ်ဝါးခီး ကျေးရွာတို့မှ စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများအတွက် အဝတ်အထည်များနှင့်တကွ ဆန်အိတ်ပေါင်း ၆၅၀ အိတ်နှင့် မဲကနယ်ဒေသ ပြည်လည်ထူထောင်ရေး ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းခဲ့ကြောင်း လေးကေကော်ဒေသခံ နယ်မြေတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပိုက်ဆံလှူတာက ပျက်ဆီးသွားတဲ့ အဆောက်အဦးတွေ ပြန်ဆောက်ဖို့အတွက်ပါ။ ပဟိကလော်ရွာမှာတင် အိမ်ခြေနှစ်ရာကျော်ရှိပြီးတော့ မဲကနယ်မပါ၊ ကျန် ၃ ရွာလုံး ပေါင်းလိုက်ရင် အိမ်ခြေက ခြောက်ရာကျော်တယ်။ လာလှူတဲ့ဆန်တွေက စစ်ရှောင်တွေအတွက် တစ်လစာ လောက်တော့ လုံလောက်မှု ရှိမယ် ထင်ပါတယ်။ စစ်ဘေးရှောင်တွေကို လှူတာဆိုတော့ စစ်ကောင်စီဘက်က ဘာမှထူးထူးခြားခြား လှုပ်ရှားတာ မရှိဘူး” ဟု ၎င်းကပြောသည်။

အဆိုပါထောက်ပံ့ငွေ ပေးအပ်သည့်ပွဲသို့ သက်ဆိုင်ရာ အဖွဲ့အလိုက် တာဝန်ရှိသူ တချို့နှင့် တပ်ဖွဲ့ဝင်များအပြင် ရွာ ၄ ရွာမှ ဒေသခံ နှစ်ရာကျော် တက်ရောက်ကြကြောင်းနှင့် တက်ရောက်လာသူများအား တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အေးအေးချမ်းချမ်း နေထိုင်ကြရန် မှာကြားကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

စစ်ဘေးရှောင်ပြည်သူများကို ဆက်လက်လှူဒါန်းနိုင်ရန် အစီအစဉ်ရှိကြောင်း ယင်းကော်မတီတွင် ပါဝင်သည့် ဖားအံခရိုင်ဥက္ကဌ ပဒိုအောင်မော်အေးက “စစ်ဘေးရှောင်တွေကိုတွေ့တော့ ကျနော်တို့ သနားတယ်။ အဲ့ဒါနဲ့ တခြားသူတွေဆီက ပိုက်ဆံအလှူကောက်ပြီးတော့ စစ်ဘေးရှောင်တွေကို သွားလှူတာပါ။ ကျတော်တို့လူမျိုးတွေ ထွက်ပြေးတိမ်ရှောင်နေရတာကို မကြည့်ရက်ဘူး။ ကျနော်တို့ ပြည်သူတွေအခုလို မထွက်ပြေးရဖို့ နောက်ထပ်နည်းလမ်းတွေရှာရမယ်” ဟု ၎င်းက ပြောသည်။

အဆိုပါပွဲသို့ BGF ဘက်မှ ဗိုလ်မှူးမောင်ဝင်းနှင့် ဗိုလ်မုတ်သုံတို့ တက်ရောက်လာကြပြီး KNU/KNLA-PC နှင့် DKBA မှ လက်အောက်ခံ တပ်ဖွဲ့ဝင်များမှလွဲ၍ တာဝန်ရှိလူကြီးပိုင်းများ မတက်ရောက် ကြကြောင်း တပ်မဟာ(၇) ဘက်မှ တာဝန်ရှိသူအချို့သာ တက်ရောက်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်အထိ မဲကနယ်ဒေသတွင် စစ်ကောင်စီက စစ်ကြောင်း ထိုးဝင်ရောက်ခြင်း၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းအပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် ဘာသာရေးအဆောက်အဦးနှင့် နေအိမ်အများအပြား ထိခိုက် ပျက်စီးခဲ့ရသလို ဒေသခံပြည်သူ ငါးထောင်ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။

ကေအိုင်စီ – ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here