28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းမောင်တောတွင် စစ်ကျန်လက်ပစ်ဗုံး ပေါက်ကွဲတာကြောင့် ကလေး ၂ ဦးသေဆုံးပြီး လူကြီးတစ်ဦး ဒဏ်ရာရရှိ

မောင်တောတွင် စစ်ကျန်လက်ပစ်ဗုံး ပေါက်ကွဲတာကြောင့် ကလေး ၂ ဦးသေဆုံးပြီး လူကြီးတစ်ဦး ဒဏ်ရာရရှိ

ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့၊ ၄ မိုင်၊ မကျည်းကုန်းကျေးရွာတွင် စစ်ကျန်လက်ပစ်ဗုံးကို အပြန်အလှန် ပစ်တမ်းကစားရာက ပေါက်ကွဲပြီး အသက်ဆယ်နှစ်အရွယ် သက်လူမျိုး လူငယ် ၂ ဦး သေဆုံးသွားခဲ့ပြီး အသက် ၇၅ နှစ်အရွယ် ရခိုင်လူကြီးတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရှိရသည်။

မကျည်းကုန်းကျေးရွာသားတစ်ဦးက “ကလေးတွေက သူတို့ကောက်ရတဲ့ လက်ပစ်ဗုံးကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပစ်တမ်းကစားကြတယ်လို့ သိရတယ်။ အဲ့ဒီမှာ စနက်တန်ပြုတ်ပြီး လက်ပစ်ဗုံးက ပေါက်ကွဲတာ။ တစ်ယောက်က ပွဲချင်းပြီးသေဆုံးသွားခဲ့ရတယ်။ နောက်တစ်ယောက်က အရေးပေါ် ဆေးကုသမှုပြုလုပ်ဖို့သွားတယ်။ လမ်းခုလပ်မှာ ဆုံးသွားတယ်” ဟု ပြောသည်။

မကျည်းကုန်းကျေးရွာမှ ထိုကလေးငယ်နှစ်ဦးသည် မေလ ၈ ရက်နေ့၊ နေ့လယ် ၁ နာရီကျော် အချိန်၌ ၎င်းတို့ကောက်ရခဲ့သည့် စစ်ကျန်လက်ပစ်ဗုံးတစ်လုံးအား ရွာအရှေ့ဖက်တောစပ်၌ တစ်ယောက်နှင့် တစ်ယောက် ပစ်တမ်းကစားကြစဉ် လက်ပစ်ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

စစ်ကျန်လက်ပစ်ဗုံးပေါက်ကွဲချိန် ခပ်လှမ်းလှမ်း၌ နွားရေတိုက်ပြီးပြန်လာသည့် အသက် ၇၅ နှစ်ရွယ် ဦးအောင်သက်ထွန်း ဒဏ်ရာရရှိသွားခဲ့သည်ဟု ဆိုသည်။

ဦးအောင်သက်ထွန်း၏ သမီးဖြစ်သူက “ကျွန်မအဖေက နွားရေတိုက်ပြီးပြန်လာတာ။ သူတို လက်ပစ်ဗုံး ပေါက်တဲ့နေရာနဲ့ အတော်လေးဝေးလိုသာ အသက်ရှင်ခဲ့တာ။ မဟုတ်ရင် သေသွားနိုင်ပါတယ်။ လက်ရှိ ဆေးကုမှု ခံယူနေရတယ်။ ဒါပေမယ့် ငွေကြေးမတတ်နိုင်လို့ ဆေးကုသဖို့ အခက်အခဲရှိနေပါတယ်” ဟု ပြောဆိုသည်။

မောင်တော ၄ မိုင် မကျည်းကုန်းကျေးရွာတွင် သက်လူမျိုးများနှင့် ရခိုင်လူမျိုးများနေထိုင်ပြီး အိမ်ခြေ ၂၅၀ ကျော်ရှိသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။

အာရက္ခပြည်သူ့ တော်လှန်​ရေးအစိုးရအနေဖြင့် ရခိုင်ပြည်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်များအန္တရာယ် ပညာ​ပေး ဟောပြောပွဲ​များ၊ သတိ​ပေး ဆိုင်းဘုတ်များနှင့် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေမှုများကို ပြုလုပ်နေသလို မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိနေသော်လည်း ဒေသခံပြည်သူများမှာ ယခုကဲ့သို့ စည်းကမ်းလိုက်နာမှုအားနည်းရာမှ ပေါက်ကွဲမှုဖြစ်၍ မကြာခဏ သေဆုံးဒဏ်ရာရရှိမှုများ ရှိနေသည်ဟု သိရသည်။

နိရဉ္စရာ ပေးပို့သည်။