မောက်မယ်မြို့နယ်အတွင်း RCSS နှင့် PNLO တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ

0
421

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့သည် မောက်မယ်မြို့နယ်အတွင်းတွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက် မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း ပထမအကြိမ် ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် မတ်လ ၃၁ ရက်တွင်လည်း ကဒူးကြီးဒေသရှိ နမ့်ပါတက် ကျေးရွာအနီးမှာလည်း ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲနှင့်ပတ်သက်ပြီး PNLO/PNLA တပ်သားများ နယ်မြေကျူးကျော်ဝင်ရောက်လာကာ ပါတက်ကျေးရွာမှ RCSS/SSA တပ်စခန်းနေရာကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း RCSS/SSA ၏ သတင်းစာမျက်နှာဖြစ်သည့် Tai Freedom မှ ထုတ်ပြန်ထားသည်။

ထို့အပြင် PNLO/PNLA တပ်ဖွဲ့သည် RCSS/SSA ထိန်းချုပ်နယ်မြေတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုကြောင့် မကြာခဏ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းလည်း Tai Freedom မှ ထုတ်ပြန်ထားသည်။

သို့သော်လည်း PNLO/PNLA ဘက်ကမူ တစ်ဖက်၏ လုံခြုံရေးတပ်သားများ နယ်မြေကျော်လွန်လာမှုကြောင့် ပစ်ခတ်မှုဖြစ်ရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) မှ မြေပြင် အရာရှိ ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တစ်ဖက်က အသိမပေးဘဲ ဒီဘက်နယ်မြေထဲ ရောက်လာတော့ ပစ်ခတ်မှု ဖြစ်တယ်လို့ သိရပါတယ်။ ဒါကလည်း တပ်ဖွဲ့တွေ ရှိနေကြတဲ့ နေရာဆိုတော့ ဖြစ်နိုင်ပါတယ်၊ အချင်းချင်း နယ်မြေတစ်ခုနဲ့တစ်ခုကြား ဒီလိုထိတွေ့မှုကတော့ ရှိမှာပဲလေ၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု PNLO/PNLA အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုသည် ၁၀ မိနစ် ဝန်းကျင် ခန့် ကြာပြီး လက်ရှိအချိန်၌ မြေပြင်စစ်ရေးငြိမ်သက်နေကြောင်းလည်း အထက်ပါ အရာရှိ ပုဂ္ဂိုလ်က ပြောသည်။

RCSS/SSA နှင့် PNLO တပ်ဖွဲ့ နှစ်ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားသည့် PPST အဖွဲ့ဝင် လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသော်လည်း တပ်ဖွဲ့နှစ်ခုကြား ထိတွေ့ပစ်ခတ်မှုများက ရှိနေကြသည်။

ထိုအဖွဲ့ (၂) ဖွဲ့သည် လက်ရှိမှာလည်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဆက်လက်ပြုလုပ်နေသေးသည့် အဖွဲ့များဖြစ်ကြသည်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်း RCSS နှင့် PNLO တို့သည် လွန်ခဲ့သည့် ၂၀၂၂ ခုနစ်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

RCSS/SSA နှင့် PNLO / PNLA တပ်ဖွဲ့နှစ်ခုသည် သျှမ်းပြည်တွင်း နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာကြသည့်တိုင်းရင်းသားများ အချင်းချင်းဖြစ်သောကြောင့် RCSS/SSA အနေဖြင့် ထိတွေ့ပစ်ခတ်မှုကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး တွေ့ဆုံဆွေးနွေးမှုဖြင့် ပြဿနာဖြေရှင်းနိုင်ရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဟုလည်း RCSS/SSA ၏ သတင်းစာမျက်နှာ ဖြစ်သည့် Tai Freedom မှ ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here