စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း မော်စီကျေးရွာအနီးရှိ မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာ Chhan Chhuahna Rûn (CCR) မှ နယ်စပ်ရှိ တီအိုချောင်းသို့ စစ်ဘေးရှောင်လာကြသူများအတွက် အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း သိရသည်။
ဧပြီလ ၅ ရက်နေ့က CCR ဝန်းအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ၎င်းစင်တာတွင် ဆက်လက်မနေရဲကြတော့ဘဲ ပြည်သူအယောက် ၆၀ ကျော်တို့သည် ဧပြီ ၇ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်တွင် အိန္ဒိယ-မြန်မာနယ်စပ်၊ ရိခေါဒါရ်မြို့အမှတ် (၂) ရပ်ကွက် တီအိုချောင်းသို့ ရောက်ရှိလာကြသည်ဟု ကူညီပေးနေသူတစ်ဦးက ပြောသည်။
“လက်နက်ကြီးကျရောက်ပြီးနောက် အိမ်ပြန်လို့ရတဲ့သူတွေကို အိမ်ပြန်ခေါ်သွားကြပြီ။ အခုကျန်ခဲ့တဲ့သူက အယောက် ၁၀၀ နီးပါးပဲရှိတယ်။ မနေ့က တီအိုချောင်းကိုရောက်လာတာ ၆၁ ဦး ရှိတယ်။ အဲထဲမှာ အများစုက စိတ်မကျန်းမာတဲ့သူတွေပေါ့နော်။ ပြီးတော့သူတို့တွေက ပြန်ဖို့အိမ် မရှိတဲ့သူတွေရယ် အိမ်ပြန်ရင်လဲ မိသားစုက ဆက်မထိန်းနိုင်တဲ့လူတွေ ဖြစ်တယ်။ သူတို့က ဒီတိုင်းပဲလာတာဆိုတော့ ဆန်၊ ဆီ၊ ဆားတွေ အဝတ်အထည်တွေ၊ စောင်တွေလိုအပ်တာပေါ့၊ တောင်ပေါ်ဆိုတော့ ရာသီဥတုအေးတယ်၊ မနေ့ညကဆိုရင် သူတို့ မိုးကာခင်းပြီး အိပ်ကြရတယ်” ဟု ၎င်းက ပြောသည်။
ယင်းစစ်ဘေးရှောင် ၆၁ ဦးအနက် အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၈ ဦးသာ ကျန်းမာသူများ ဖြစ်ကြပြီး ကျန်အားလုံးမှာ စိတ်ရောဂါဝေဒနာ ခံစားနေရသူများဖြစ်ကြောင်း အထက်ပါ ကူညီပေးနေသူက ဆက်လက် ပြောဆိုသည်။
လက်ရှိတွင် တီအိုချောင်းလူငယ်အဖွဲ့အစည်း၏ အကူအညီဖြင့် တီအိုချောင်းရှိ ခန်းမဆောင်တွင် ခေတ္တတည်းခို နေကြသော်လည်း နေရာဒေသအခြေအနေကြောင့် စားဝတ်နေရေးအတွက် အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။
“သူတို့အတွက် တီအိုလူငယ်ခေါင်းဆောင်ပိုင်းကို အကူညီတောင်းပြီးတော့ ဘာပဲနေနေ အခုလောလောဆယ် သူတို့ဟောခန်းမှာ နေခိုင်းမယ်ပေါ့၊ စားစရိတ်ကျတော့ မတတ်နိုင်လောက်ဘူးထင်တယ်။ ဒီဘက်မှာ စစ်ဘေးရှောင်လည်း များတော့ အလုပ်ကလည်း ခက်တယ်ဆိုတော့ အဲဒါကိုတော့ တတ်နိုင်သလောက် ကြိုးစားပေးပါအုံးဆိုပြီး ပြောဖြစ်တယ်” ဟု စစ်ဘေးရှောင်များကူညီပေးနေသူက ဆိုသည်။
မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာမှ စစ်ဘေးတိမ်းရှောင်လာသူများအား အိန္ဒိယ-မြန်မာနယ်စပ်မှ မီဇိုရမ်ပြည်နယ်အတွင်းသို့ ဆက်လက်တိမ်းရှောင်နိုင်ရန် ဆောင်ရွက်ပေးနေဆဲဖြစ်ကြောင်း သိရသည်။
ဧပြီလ ၅ ရက် နေ့က စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၅ လုံးထက်မနည်းသည် CCR ၀န်းထဲသို့ ကျရောက်ပေါက်ကွဲမှုကြောင့် မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာဝန်းအတွင်းနေထိုင်သူ အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒါဏ်ရာရရှိကာ ခြေတောက်ကျိုးဒါဏ်ရာနှင့် ပေါင်ကျိုးဒါဏ်ရာများရရှိသူ ၂ ဦးမှာ ကျန်ဖိုင် (Champhai) မြို့တွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
Chhan Chhuahna Rûn (CCR) သည် ကလေးမြို့ပတ်၀န်းကျင်အတွင်း အရက်နှင့် မူးယစ်ကျေးကျွန်ဘ၀မှ လွတ်မြောက်လိုသူများ၊ စိတ်ရောဂါဝေဒနာခံစားနေရသူများအား ဘာသာတရားဖြင့် သွန်သင်ကြည့်ရှု စောင့်ရှောက်ရာ စခန်းတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
KMG ပေးပို့သည်။