မုန်တိုင်းဒဏ်သင့် မွတ်ဆလင်များကို AA က လူသားချင်းစာနာမှုအကူအညီများပေး

0
274
ပုံစာ - မုန်တိုင်းဒဏ်သင့် မွတ်ဆလင်များကို AA ထောက်ပံ (photo- Cyclone Mocha ERRCA)

ရခိုင်ပြည်မြောက်ပိုင်း မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင် စသည့် မြိုနယ်များရှိ မုန်တိုင်းဒဏ်သင့် မွတ်ဆလင်ကျေးရွာများကို ရက္ခိုင့်တပ်တော် (AA) က စားနပ်ရိက္ခာထောက်ပံ့မှုအပြင် နေအိမ်များကိုလည်း ပြုပြင်ပေးနေကြောင်း သိရသည်။

မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရသည့် ရခိုင်ပြည်သူများ အရေးပေါ်လိုအပ်နေသည့် ဆန်အပါအဝင် စားနပ်ရိက္ခာများကို ULA/AA အဖွဲ့ဝင်များက မြေပြင်သို့ ကွင်းဆင်းထောက်ပံ့လျက်ရှိကြောင်း “Mocha ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (Cyclone Mocha ERRCA) က ထုတ်ပြန်သည်။

“ကျနော်တို့က ရခိုင်ကမြို့နယ်တွေမှာ မုန်တိုင်းနဲ့ပတ်သက်ပြီးတော့ အရေးပေါ်လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေကို လူမျိုးမရွေး၊ ဘာသာမရွေး ထောက်ပံ့ပေးတယ်။ တခြား နိုင်ငံတကာနဲ့ အရပ်ဘက် အသင်းအဖွဲတွေကလည်း ပေးတဲ့ရွာတွေရှိတယ်။ ကျနော်တို့က မွတ်ဆလင်အိမ်တွေဆိုရင်လည်း ဆောက်ပေးတာရှိတယ်။ နောက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပေးတယ်” ဟု Cyclone Mocha ERRCA တာဝန်ရှိသူတစ်ဦးက ပြောသည်။

Cyclone Mocha ERRCA သည် မုန်တိုင်းသင့်ပြည်သူများအတွက် နောက်ဆက်တွဲ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်မီလုပ်ဆောင်နိုင်ရန်၊ အမိုးအကာအောက်သို့ အမြန်ဆုံးရောက်ရှိနိုင်ရန်၊ လတ်တလော စားဝတ်နေရေး၊ ကျန်းမာရေးနှင့် အထွေထွေလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်နိုင်ရန်အတွက် AA ဒုတပ်ချုပ် ဒေါက်တာညိုထွန်းအောင် ဦးဆောင်ပြီး ULA က ဖွဲ့စည်းထားခြင်း ဖြစ်သည်။

မြောက်ဦးမြို့နယ် ပရိန်၊ ပေါင်းတုတ်၊ သရက်ချို၊ ယိန်သည်၊ ဇီဇာ၊ နဂါးကွေ့၊ အမြောက်တောင်၊ ဘူးတလုံး၊ ကိုင်းတော စသည့် မွတ်ဆလင်ကျေးရွာများတွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် နေအိမ်များကို ULA/AA က ပြုပြင်ပေးလျှက်ရှိကြောင်း ကျေးရွာတာဝန်ခံများက ပြောသည်။

သရက်ချိုကျေးရွာတာဝန်ခံ ဦးမောင်ကျော်လှက “အဓိက ဦးစားပေးအနေနဲ့ လုံးဝ ဆင်းရဲနွမ်းပါးပြီးတော့ အိမ်ပြန်မဆောက်နိုင်သူတွေကို ULA/AA က အိမ်ဆောက်ပေးတာရှိတယ်။ စားနပ်ရိက္ခာတော့ မရောက်သေးဘူး။ ကျနော်တို့ရွာမှာတော့ လုံးဝပျက်စီးသွားတဲ့ အိမ် ၁၄ ဆောင်ရှိတယ်။ အဲဒီထဲက ဆင်းရဲနွမ်းပါးတဲ့ နေအိမ် ၃ ဆောင်ကို ဆောက်ပေးတာရှိပါတယ်” ဟု ပြောသည်။

အလားတူ ယိန်သည်ကျေးရွာ တာဝန်ခံဦးမောင်အေးသာက “လုံးဝ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စု ၅ စုအတွက် နေအိမ် ၅ ဆောင် ဆောက်ပေးခဲ့တာရှိတယ်။ စားနပ်ရိက္ခာတော့ မပါသေးဘူး။ စစ်ကောင်စီဘက်ကတော့ ဆန်အိတ် ၃ အိတ် ထောက်ပံ့တာရှိတယ်။ အခုလို ဆင်းရဲနွမ်းပါးတဲ့သူတွေကို နေအိမ်ဆောက်ပေးတဲ့ အတွက် ကျေးဇူးတင် ကြိုဆိုပါတယ်” ဟု ပြောသည်။

ကျောက်တော်မြို့နယ်ရှိ ပေါက်တောပလောင်၊ ဂုတ်ပီထောင့်၊ ဆင်ဦးချိုင်အပါအဝင် မွတ်ဆလင် ၅ ရွာတို့တွင် ပျက်စီးသွားသည့် နေအိမ်များကို AA က ကူညီဆောက်လုပ်ပေးထားကြောင်းနှင့် ဘူးသီးတောင်မြို့နယ်တွင်လည်း စေတီတောင်၊ ဝက်မကျ၊ ချွတ်ပြင် စသည့် မွတ်ဆလင်ကျေးရွာများတွင် ULA/AA က စားနပ်ရိက္ခာထောက်ပံ့မှုများ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဝက်မကျကျေးရွာနေ အမျိုးသမီးတစ်ဦးက “ကျမတို့ရွာမှာ အိမ်ထောင်စုတစ်စုကို ဆန်တစ်တောင်းစီ ထောက်ပံ့တယ်။ လုံလောက်မှုတော့ မရှိဘူးပေါ့။ ဒါပေမယ့် အခုလို ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီပေးတာတော့ ကောင်းတာပေါ့။ နောက်ပြီးတော့ တာပေါ်လင်စတွေ ပေးတယ်။ ပြိုလဲသွားတဲ့ နေအိမ်တွေကို ပြန်ပြီးတော့ ပြုပြင်ပေးတာရှိတယ် ”ဟု ဆိုသည်။

လတ်တလောတွင် ပြည်တွင်း၊ ပြည်ပ ရခိုင်နှင့် အခြားအဖွဲ့အစည်းများကလည်း မုန်တိုင်းသင့် ရခိုင်ပြည်သူတို့အတွက် ULA/AA မှ တစ်ဆင့် အလှူငွေများပေးနေကြောင်း Cyclone Mocha ERRCA က ထုတ်ပြန်ထားသည်။

သို့သော် တချို့ကျေးရွာများတွင် စစ်ကောင်စီ၊ AA အပါအဝင် အခြားလူမှုကူညီရေးအဖွဲ့အစည်းများက ကူညီကယ်ဆယ်ရေး မရောက်သေးသည်များလည်း ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

အောင်ထိန် (DMG) ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here