မိုးမိတ်၊ အုန်းကြောရွာသစ်တွင် စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် လင်မယား ၂ ဦး ပွဲချင်းပြီးသေဆုံး

0
252

သျှမ်းပြည်၊ မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် အမျိုးသမီးအပါအဝင် လင်မယား ၂ ဦး သေဆုံးကြောင်း မိုးမိတ်ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

မိုးမိတ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက “စစ်ကောင်စီတပ်တွေ တမင်သက်သက်ပစ်လာတဲ့ လက်နက်ကြီးလေ၊ လူနေတဲ့ အိမ်တွေပေါ်ကို ကျတာ။ ဉီးကျောက်ခဲနဲ့ ဒေါ်ကျော်တို့ လင်မယားနှစ်ယောက် နေတဲ့အိမ်ပေါ်ကို တည့်တည့်ကျတယ်။ သူတို့နှစ်ယောက်ကတော့ ပွဲချင်းပြီးပဲ ဆုံးသွားတာ။ နောက်တစ်အိမ်ကလဲ ဗုံးစမှန်တော့ ပျက်စီးတာတွေရှိတယ်” ဟု ပြောသည်။

ဇန်နဝါရီလ ၁၂ ရက် ညနေ ၃ နာရီခွဲခန့်က မိုးမိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်မှ အုန်းကြောရွာသစ်ဘက်သို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ ပြည်သူနေထိုင်ရာ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာခံလင်မယား ၂ ဦး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်။

ထို့အပြင် မိုးမိတ်စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် အုန်းကြောရွာသစ်မှ ဉီးဆမ်ဆွယ်၏ နေအိမ်အပြင် ကားဂိုထောင်၊ စပါးကျီနှင့် စပါးချွေလှေ့စက်တို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း မိုးမိတ်မြို့နယ် ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်ကလည်း အုန်းကြောရွာမနှင့် ရွာသစ်ဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း မိုးမိတ်ဒေသခံများက ပြောသည်။

အလားတူ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မိုးမိတ်မြို့နယ် မြို့သစ်ကျေးရွာရှိ အုတ်ဖိုဟောင်းတစ်ခုအနီးသို့ စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရပြီး အမျိုးသမီးတစ်ဦးမှာ မန္တလေးမြို့ရှိ စစ်ဆေးရုံတွင် ဆေးကုသနေစဉ် သေဆုံးသွားခဲ့ကြောင်း မိုးမိတ်ဒေသခံများထံမှ သိရသည်။

ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့မှ ဇန်နဝါရီ ၁၁ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲရန် “ဟိုင်ဂင် သဘောတူညီမှု” ကို ရရှိခဲ့သည်ဟုဆိုသော်လည်း မြေပြင်တွင် တိုက်ပွဲများ ရပ်တန့်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ “ ဟိုင်ဂင် သဘောတူညီမှု” တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ သျှမ်းမြောက်ရှိ စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက်မှလည်း သျှမ်းမြောက်ဒေသရှိ ညီနောင်မဟာမိတ် ထိန်းချုပ်၊ သိမ်းပိုက်ထားသော နေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

“ဟိုင်ဂင် သဘောတူညီမှု” အရ ဟိုင်ဂင်ဆွေးနွေးပွဲရလဒ် စတင်အသက်ဝင်သောနေ့ဖြစ်သည့် ဇန်နဝါရီလ ၁၂ ရက်တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ရှိနေခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here