မိုးဗြဲ စစ်ရှောင်စခန်းများ လေကြောင်းတိုက်ခိုက်မှု ရက်ဆက်ခံနေကြရ

0
265
ပုံစာ - စစ်ရှောင်စခန်း ထိခိုက်ပျက်စီးမှု (photo - MBPDF)

ရှမ်းပြည်နယ်နှင့် ကရင်နီ (ကယား) ပြည်နယ်စပ် မိုးဗြဲမြို့ရှိ စစ်ရှောင်စခန်းများကို စစ်ကောင်စီက လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်မှုများ ရက်ဆက်ပြုလုပ်နေကြောင်း MBPDF မိုးဗြဲရွှေလင်းယုန်တပ်ခွဲနှင့် စစ်ရှောင်များထံက သိရသည်။

မိုးဗြဲမြို့ စစ်ဘေးရှောင်တစ်ဦးက “မနေ့ ညနေစောင်းမှာ ဆယ့်လေးငါးဆယ်လုံး လေကြောင်းကနေ လာပစ်တယ်။ ထိခိုက် ပျက်စီးတာတွေလည်း ရှိတာပေါ့။ ဒီဘက် မြေပြင်တိုက်ပွဲ ဖြစ်တယ်တော့ မကြားမိဘူး။ ရှိလည်း မရှိဘူး၊ တမင် လာပစ်တာနေမှာပါ” ဟု ပြောသည်။

ယင်းဒေသက စစ်ရှောင်စခန်းများကို ဇွန်လ ၁၄ ရက် ညပိုင်းနှင့် ဇွန်လ ၁၅ ရက် နံနက်ပိုင်းများတွင် စစ်ကောင်စီက လက်နက်ကြီး အပါအဝင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း မိုးဗြဲမြို့ခံများက ပြောသည်။

စစ်ရှောင်စခန်းများ ပစ်ခတ်ခံရမှုကြောင့် လူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်ရှောင်တဲတစ်ချို့နှင့် နေအိမ်တစ်ချို့ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မိုးဗြဲပီဒီအက်ဖ် (MBPDF) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပုံစာ – စစ်ရှောင်စခန်းအနီး တွေ့ရသည့် လက်နက်ကြီးကျည် (photo – MBPDF)

စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ခြင်း မရှိသော မိုးဗြဲ စစ်ရှောင်စခန်း တစ်နေရာကို ည ၉ နာရီခွဲခန့်က အကြောင်းမဲ့သက်သက် ဆင့်ကွဲ လက်နက်ကြီး ၁၅ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားတချို့ ထိခိုက်ပြီး အိုးအိမ်ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း MBPDF က ပြောသည်။

ဇွန်လ ၁၅ ရက် မှစတင်၍ မိုးမြဲ – ပီကင်းလမ်းပိုင်းအား အသုံးမပြုကြရန်နှင့် လက်နက်ကြီး/ လေကြောင်းအသုံးပြု ပစ်ခတ်လာနိုင်မှုများကို အထူးသတိပြု၍ လုံခြုံဘေးကင်းသည့်နေရာများတွင် နေထိုင်ကြရန် MBPDF က အသိပေး တိုက်တွန်းပြောဆိုထားသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်က မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါဝင် ၃ ဦးထက်မနည်း ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here