မိုးဗြဲမြို့တွင် စစ်ကောင်စီက နေ့စဉ်နှင့်အမျှ လက်နက်ကြီးပစ်ခတ်နေတာကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ

0
119
Photo - CJ

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့နှင့် အနီးအနားကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဥ်နှင့်အမျှ လက်နက်ကြီးပစ်ခတ်မှုနေတာကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံတို့က ပြောဆိုသည်။

မိုးဗြဲမြို့တွင် ယခုဒီဇင်ဘာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိပေမယ့် အနည်းငယ်ထိတွေ့မှု ရှိခဲ့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောသည်။

“မိုးဗြဲဘက်မှာတော့ လက်နက်ကြီးတွေ နေ့တိုင်းပစ်နေပါတယ်။ ထိတွေ့မှုတွေက အနည်းအကျဥ်းပဲ ဖြစ်ပွားပါတယ် မိုးဗြဲဘက်မှာတော့။ မိုးဗြဲဆည် အရှေ့ဘက်ကမ်းကရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေပါတယ်” ဟု တာအယ်စိုးက ပြောဆိုသည်။

ဒီဇင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ လွိုင်ကော်အခြေစိုက်တပ်ရင်းကနေ မိုးဗြဲမြို့ဘက်ကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှု ပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်မှုရှိမည်ကို ဒေသခံတို့က စိုးရိမ်နေကြသည်။

ဒေသခံအမျိုးသားတစ်ဦးက “မိုးဗြဲဘက်မှာတော့ လက်နက်ကြီး အမြဲတမ်းလိုလို ပစ်လာတယ်။ တိုက်ပွဲ ဖြစ်ဖြစ်/မဖြစ်ဖြစ်ပဲ။ အထူးသဖြင့် ဖယ်ခုံ၊ လွိုင်ကော်၊ လွိုင်လင်လေးဖက်ကနေ ပစ်ကူလာတာ လုပ်နေတယ်။ ဒီရက်ရောပဲ တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီးရော ပစ်လာနေတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့တွင်လည်း မိုးဗြဲမြို့ရှိ စစ်ရှောင်စခန်းတနေရာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်လည်း ရှိခဲ့သည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများရှိသည့် နေရာတို့ကို လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းနှင့် ဗုံးကြဲမှုတို့ကို မကြာခဏ လုပ်ဆောင်နေကြောင်း သိရသည်။

ယခု ဒီဇင်ဘာလအတွင်း မိုးဗြဲမြို့နှင့် အနီးအနားကို စစ်ကောင်စီက ဒရုန်းနှင့်ဗုံးကြဲတိုက်ခိုက်စဉ် အဆိပ်ငွေ့ပြားကို အသုံးပြုလာတာကြောင့် ဒေသခံလူထုအနေနှင့် သတိပြုကြရန် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်း သတိပေးထားသည်။

တစ်နှစ်ကျော်ကြာ တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည့် မိုးဗြဲမြို့ကို ပြန်လည်ရရှိရန် စစ်ကောင်စီက ကြိုးစားနေပြီး နိုဝင်ဘာလ ဒုတိယပတ်ကစ၍ တကျော့ပြန် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here