29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းမိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်များအတွက် မိုးကာများလိုအပ်နေ

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ရှောင်များအတွက် မိုးကာများလိုအပ်နေ



တိုက်ပွဲပြင်းထန်နေသည့် သျှမ်းပြည်နှင့် ကရင်နီ (ကယား) ပြည်နယ်စပ် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အနီး ပတ်ဝန်းကျင်တွင် နေထိုင်သည့် စစ်ဘေးရှောင် တစ်ထောင်ကျော်အတွက် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်တို့ထံမှ စုံစမ်းသိရသည်။

အဆိုပါစစ်ဘေးရှောင် တစ်ထောင်ကျော်သည် ကရင်နီပြည်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ၁၁ ရက် ၁၁ လပိုင်းစတင်ခဲ့သည့် “၁၁.၁၁” စစ်ဆင်ရေးကြောင့် မိုးဗြဲမြို့အနီး ပတ်ဝန်းကျင်ရှိ တောထဲတွင် ထွက်ပြေးတိမ်းရှောင်လာကြသူများ ဖြစ်ကြသည်။

လက်ရှိ၌ စစ်ဘေးရှောင်လာခဲ့သည်မှာ တစ်နှစ်ကျော်ကာလဖြစ်လာပြီး၊ ၎င်းနေထိုင်သည့် အနီးဝန်းကျင်တွင် တိုက်ပွဲများ ထပ်မံပြင်းထန်လာကြောင်း စစ်ဘေးရှောင်တို့နှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။

“အခုရက်ပိုင်းက မိုးဗြဲမြို့မှာ နေ့တိုင်း တိုက်ပွဲပြင်းထန်နေတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်။ တဘက်မှာလည်း စစ်ဘေးရှောင်တွေကရှိတော့ သူတို့အတွက်လည်း မိုးကာတွေက လိုအပ်နေတယ်” ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် PDF တပ်သားတစ်ဉီးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် မိုးဗြဲမြို့နှင့် တစ်နာရီခန့် သွားလာရသည့် တောထဲတွင် နေထိုင်ကြသည်မှာ တစ်နှစ်ကျော် ရှိလာပြီး၊ အလှူရှင်များလည်း မရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

“ စစ်ရှောင်တွေကလည်း နှစ်ရှည်ရှောင်ရတော့ သူတို့လည်း အဆင်မပြေဘူး။ အခုဒီမိုးဗြဲမြို့အနီးနား တောတို့ ရွာတို့မှ စစ်ရှောင်နေတဲ့သူဆို မိုးရာသီရောက်တော့မှာဆိုတော့ မိုးကာတို့၊ စားနပ်ရိက္ခာတို့လိုတယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။

စစ်ကောင်စီသည် မိုးဗြဲမြို့နှင့် ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ရရှိရန် အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း နှင့် မိုးဗြဲမြို့ပေါ်ရှိ ကာကင်းစခန်းအချို့ကို တော်လှန်ရေးအင်အားစုများ လက်လွှတ်လိုက်ရကြောင်း သိရသည်။

မိုးဗြဲမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် (၁) လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF အပြင် အခြားမဟာမိတ်တပ်ပေါင်းစုတို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

မိုးဗြဲမြို့သည် နေပြည်တော်နှင့် မိုင် ၁၀၀ ဝန်းကျင်သာ ကွာဝေးပြီး မိုးဗြဲမြို့၏ မြောက်ဘက်တွင် ပင်လောင်း ညောင်ရွှေနှင့် ဆီဆိုင်မြို့တို့ရှိပြီး တောင်ဘက်တွင် ဖရူဆိုနှင့် သံတောင်ကြီး၊ အရှေ့ဘက်တွင် လွိုင်ကော်နှင့် ဒီးမော့ဆို၊ အနောက်ဘက်တွင် ပျဉ်းမနားမြို့တို့နှင့် နယ်နိမတ်ချင်း ထိစပ်နေသည့်အတွက် နှစ်ဖက်တပ်တို့၏ စစ်ရေးအရ အရေးပါသည့်နေရာဖြစ်သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။