8 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းမိုးညှင်းမြို့တွင် ရဲနှင့်ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကြပ်လာ

မိုးညှင်းမြို့တွင် ရဲနှင့်ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကြပ်လာ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် စစ်ကောင်စီတပ်လက်အောက် ရဲနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်ခံရပြီးနောက် မြို့တွင်းလုံခြုံရေးကို ပိုမိုတင်းကြပ်လာသည်ဟု မိုးညှင်းမြို့ဒေသခံပြည်သူများဆီက သိရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၅ ရက်နေ့က မိုးညှင်းမြို့ရှောင်လမ်းတွင် ခရီးသည်ယာဉ်နှင့် လမ်းသွားလမ်းလာ ပြည်သူများကို တားဆီးစစ်ဆေးကာ ငွေတောင်းခံနေသည့် စစ်ကောင်စီလက်အောက်ရဲနှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ဝင် ၆ ဦး ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယင်းနောက် ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းကစပြီး မိုးညှင်းမြို့နေရာအနှံ့ ခရီးသွားယာဉ်များနှင့် ပြည်သူများကို တားဆီးစစ်ဆေးတာ ပိုမိုလုပ်ဆောင်လာနေသည်ဟု မိုးညှင်းမြို့ခံအမျိုးသမီးတစ်ဦး ပြောသည်။

“အရမ်းစစ်တယ်။ ခရီးသည်ကားတွေကို ပိုစစ်တယ်။ ခုမြို့ထဲမှာ SNA ရော၊ ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ လမ်းဆုံ၊ လမ်းခွတိုင်းရှိတယ်” ဟု အဆိုပါမြို့ခံအမျိုးသမီးက ပြောသည်။

မြို့ခံများပြောဆိုချက်အရ ခရီးသည်ယာဉ်များကို မှတ်ပုံတင်နှင့် ခရီးဆောင်အိတ်ကအစ ဖောက်စစ်ဆေးမှု လုပ်ဆောင်နေကြောင်း သိရသည်။

ပစ်ခတ်ခံခဲ့ရသည့် ရဲနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ ၆ ဦးအနက် ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၄ ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်းနှင့် ဒဏ်ရာရသူ ၄ ဦးကို မိုးညှင်းပြည်သူ့ဆေးရုံ၌ လုံခြုံရေးချထားပြီး ဆေးကုသမှုခံယူနေသည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။

နောက်ထပ်မိုးညှင်းမြို့ခံ အမျိုးသမီးတစ်ဦးက “အခုသူတို့လူတွေက ဆေးရုံတင်ထားကြတော့ ဆေးရုံအနီးတဝိုက် ရော ဆေးရုံဝင်းထဲမှာပါ လုံခြုံရေးချထားတယ်။ ခန့်မှန်းခြေ အင်အား ၄၀ လောက် တော့ ရှိနိုင်တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်လက်အောက်ရဲနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ ပစ်ခံရမှုနှင့်ပတ်သက်ပြီး ဒေသခံများက မိုးညှင်းကာကွယ်ရေးတပ်ဘက်က ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသည်။

မိုးညှင်းမြို့တွင် မြို့ပေါ်ရပ်ကွက် ၂၂ ခု ရှိပြီး စစ်ကောင်စီလက်အောက်ခံ SNA နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တို့ အဓိက လှုပ်ရှားသည့် နယ်မြေဖြစ်ပြီး မြစ်ကြီးနား- မန္တလေးသွား လမ်းမကြီးပေါ်တွင် တည်ရှိသည့်မြို့ဖြစ်သည်။

KNG ပေးပို့သည်။