မိုးကောင်း၊ စပါးကုန်းစစ်ကောင်စီတပ်စခန်း KIA, KPDF တိုက်ခိုက်သိမ်းပိုက်

0
323

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်အရှေ့တောင်ကြောမှာရှိတဲ့ (ဒေသအခေါ်) စပါးကုန်း စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA,PDF ဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်၊ ဆားမှော်မှာ စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေဆီမှ သိရသည်။

KIA,PDF တပ်တွေက နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ၆ နာရီကစတင်ပြီး စပါးကုန်းစစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တစ်ဆက်တည်းမှာပဲ ဆားမှော် ခလရ ၁၀၅ တပ်စခန်းနဲ့ ရွာအဝင်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်ကိုလည်း ဒရုန်းနဲ့ပစ်ခတ် တိုက်ခိုက်ခဲ့တတယ်လို့ မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်က နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ဆားမှော်ရွာနီးက ခလရ ၁၀၅ တပ်စခန်း ပစ်ခတ်ခံရချိန် စစ်ကောင်စီတပ်ဘက်က အရာရှိ ၁ ဦးနဲ့ တပ်သားအဆင့် ၁ ဦး၊ ပျူစောထီး ၃ ဦး အပါအဝင် နောက်ထပ် ၄ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပြီး နောက် စစ်ကောင်စီတပ်ဘက်က ခုလိုအင်အားဖြည့်တင်းလာတာ ဖြစ်တယ်လို့ ဆားမှော်ဒေသခံတစ်ဦးက ပြောသည်။

“ခုဆားမှော်မှာ စစ်ကောင်စီဘက်က ကား ၃ စီးနဲ့ အင်အား ၆၀ လောက် မနေ့က နေ့လည် ၁ နာရီလောက်က အဲဒီ ၁၀၅ တပ်ထဲကို ပို့ထားတယ်။ အဲဒီတပ်စခန်း ဒရုန်းနဲ့ ပစ်ချခံလိုက်တဲ့နောက် ၁၁ ရက်နေ့ ကနေ မနေ့က ၁၂ ရက် နေ့ညအထိ နာရီဝက်ခြား တစ်နာရီခြား ဆားမှော်အရှေ့ဘက်ကွင်းကို လက်နက်ကြီး ပစ်နေတာ ခုထိလည်း ပစ်တာတွေ ရှိနေတုန်း ဟုတ်တယ်” လို့ ၎င်းက ပြောသည်။

ဒရုန်းနဲ့ပစ်ခတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့များ အထိနာသွားတဲ့အတွက် နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ဆားမှော်ရွာဘက်ကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ရာ မြို့မရပ်ကွက်၊ ရပ်ကွက် ၄ နဲ့ နောက်ထပ်ရပ်ကွက် ၃ နေရာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ် ၄ အိမ် ကျည်ထိမှန်ပြီး ဒေသခံအမျိုးသား ၂ ဦး သေဆုံးပြီး ၇ ဦး ထိဒဏ်ရာရရှိခဲ့တယ်လို့ ဆားမှော်ဒေသခံက ဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ထားပြီး ဆေးကုသပေးနေကြောင်းနှင့် ဆားမှော်မှာ လက်ရှိချိန် စစ်ကောင်စီတပ်ဘက်က စစ်အင်အား ဖြည့်တင်းတာတွေကြောင့် ဒေသခံတွေ ရွာပြင်ထွက်ပြီး လုပ်ကိုင်စားသောက်ဖို့ ခက်ခဲနေတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ KIA, KPDF ဘက်က တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ စပါးကုန်းတပ်စခန်းဟာ ဆားမှော် အရှေ့တောင်ကြော တလျှောက်မှာရှိပြီး ခလရ ၁၀၅ လက်အောက်ခံတပ်တွေက အာဏာသိမ်းပြီးနောက် အထိုင်ချ တပ်စွဲနေထိုင်တဲ့ နေရာဖြစ်တယ်လို့လည်း သိရသည်။

ဒါ့အပြင် ဆာမှော်ရွာအတွင်းမှာ ကျမှန်ထားတဲ့ လက်နက်ကြီးကျည်တချို့ဟာ မပေါက်ကွဲဘဲ ကျန်ရှိနေဆဲ ဖြစ်တဲ့အတွက် ဒေသခံတွေက အသက်အန္တရာယ် စိုးရိမ်နေကြရသလို စစ်တပ်ဘက်က အင်အားထပ်ဖြည့်နေတာတွေကြောင့် တိုက်ပွဲထပ်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ဆားမှော်အရှေ့တောင်ဘက် ကျောက်ဖျာနေရာမှာ စစ်ကောင်စီ စစ်ကြောင်း ထိုးလာတဲ့အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စပါးကုန်းတပ်စခန်းကိုထပ်ပြီး တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်သည်။

လက်ရှိ၌ စစ်ကိုင်း – ကချင် အစပ် အင်းတော်၊ ကသာ၊ ဗန်းမော် တလျှောက်မှာ နိုဝင်ဘာလ လဆန်းပိုင်းကစပြီး နှစ်ဖက် စစ်ရေးတင်းမာနေသလို စစ်ရေးအရှိန် ပိုမြင့်လာတာလည်း ဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here