မိုင်းအန္တရာယ်ကြောင့် တောင်ယာလုပ်ငန်းရပ်ထားရသည့် မြိုလူမျိုးများ စားဝတ်နေရေးခက်ခဲလာ

0
322
ပုံစာ - မြိုလူမျိုးများ မိုင်းအန္တရာယ်ကြောင့် တောင်ယာလုပ်ငန်းများ ရပ်နားထားရသည်။

ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်းက တောင်ပေါ်ဒေသနေ မြိုလူမျိုးများမှာ မိုင်းအန္တရာယ်ကို စိုးရိမ်သောကြောင့် တောင်ယာလုပ်ငန်းကို ရပ်နားထားရတာကြောင့် စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ဝက်ကျိန်း၊ ဂြစ်ချောင်း၊ ခုံတိုင်၊ လောင်းဒုံ စသည့် (မြို ) ကျေးရွာများ အနီးတွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယင်းအချိန်ကစ၍ မြိုတိုင်းရင်းသားများမှာ တောင်ယာလုပ်ငန်းရပ်နားကာ လယ်ယာနှင့် ကြုံရာကျပန်း အလုပ်များကို ပြောင်းလဲလုပ်ကိုင်နေရသည်ဟု ဂြစ်ချောင်း (မြို) ကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက အခုလို ပြောသည်။

“ကျနော်တို့ မြိုလူမျိုးတွေ တောင်ယာမလုပ်ရတော့ တော်တော်ဒုက္ခရောက်ပါတယ်။ တောင်ယာလုပ်တဲ့အခါ တောင်ယာကထွက်တဲ့ သီးနှံတွေရှိတော့ သိပ်အခက်အခဲ မရှိဘူး။ အခုက ဟင်းသီးဟင်းရွက်ကအစ အကုန်လုံးနီးပါး ဝယ်စားနေရတယ်။ ကျနော်တို့လို မရှိဆင်းရဲသားတွေက ပိုပြီးအခြေနေဆိုးပါတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

အိမ်ခြေ ၆၀ ကျော်၊ လူဦးရေ ၃၀၀ ကျော် ရှိသည့် ဂြစ်ချောင်း (မြို) ကျေးရွာက အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က ရွာအနီးလယ်ကွင်းတွင် မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးသွားခဲ့သည်။

ဂြစ်ချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက “ကျမတို့က အရင်နှစ်တွေကဆိုရင် တောင်ပေါ်တက်ပြီး မျှစ် သွားခူးကြတယ်။ တောတောင်တွေကိုဖြတ်ပြီး ခရုတွေ၊ ငါးတွေ သွားရှာတာ ရှိတယ်။ အခုက လမ်းမှာ မိုင်းတွေ ရှိနိုင်တဲ့ အတွက် မသွားရဲဘူး” ဟု ပြောသည်။

တောင်ပေါ်ဒေသက မြိုလူမျိုးများမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်ရာတွင် တောင်ယာစပါး၊ ငရုတ်သီး၊ သခွားသီး၊ ပြောင်း၊ နှမ်း စသည့် သီးနှံများကို စိုက်ပျိုးကာ လုပ်ကိုင်စားသောက်ကြသည်။ သို့သော် ကျေးရွာအနီးက တောတောင်များတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် လက်နက်ကိုင်တပ်များက စခန်းချ နေထိုင်ခဲ့ခြင်းများကြောင့် မိုင်းအန္တရာယ်စိုးရိမ်၍ ဒေသခံများမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်ရန် အခက်ကြုံနေရခြင်း ဖြစ်သည်။

ဝက်ကျိန်းကျေးရွာ ယာယီအုပ်ချူပ်ရေးမှူး ဦးအောင်ဆန်းက “ရွာသားတွေက သစ်၊ ဝါးခုတ်ဖို့တောင် တောတောင်တွေကို မသွားရဲကြတော့ဘူး။ မိုင်းက နေရာတိုင်းမှာ ရှိနေတာဆိုတော့ ကိုယ့်အိမ်နားမှာရှိတဲ့ လယ်တွေကိုပဲ လုပ်ကြတယ်။ တော်တော်လေးကို အခက်အခဲ ရှိတယ်” ဟု ပြောသည်။

ဝက်ကျိန်းကျေးရွာတွင် ယခုနှစ် ၂၀၂၃၊ မေလ ၄ ရက်နေ့က အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး အိမ်ဘေးနားရှိ လယ်ကွင်းတွင် ကစားနေစဉ် စစ်ကျန်ဗုံးသီးတစ်လုံးကို ကိုင်တွယ်မိရာမှ ပေါက်ကွဲသွားသဖြင့် အသက်သေဆုံးခဲ့ရသည်။

တောင်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် သက်ဆိုင်ရာများအနေဖြင့် မပေါက်ကွဲသေးသည့် မိုင်းများနှင့် စစ်ကျန်လက်နက်များကို အမြန်ဆုံး ရှင်းလင်းပေးရန် ဒေသခံများက တောင်းဆိုကြသည်။

“အဓိက တောင်းဆိုချင်တာက အဲဒီနေရာတွေမှာ မိုင်းတွေ ထောင်ထားခဲ့ရင် ရှင်းပေးစေချင်တယ်။ အစိုးရ(စစ်ကောင်စီ)က လုံခြုံပြီလို့ အာမခံပေးမှ တောင်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်မှာဖြစ်တယ်” ဟု လောင်းဒုံကျေးရွာခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း လူဦးရေ ၄၀,၀၀၀ ကျော် ရှိသည့် မြို လူမျိုးများမှာ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် မြို့နယ်တို့တွင် အများအားဖြင့် နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်စားသောက်ကြသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here