ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် အခိုင်အမာအခြေစိုက်ထားသော တပ်ရင်းနှစ်ခုလုံး ကျရှုံးပြီးနောက် မာန်အောင်မြို့ တွင် စစ်ကောင်စီက စစ်အင်အားနှင့်ရိက္ခာများ ဖြည့်တင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
မာန်အောင်လေဆိပ်ကို အသုံးပြု၍ မြို့တောင်ဘက် (၁၀) မိုင် အကွာတွင်တည်ရှိသော မျှော်တော်ဦးရေတပ်တွင် အင်အားဖြည့်တင်းနေပြီး၊ ခအုံးမော်ကျေးရွာနှင့် ပင်လယ်ပြင်တွင် စစ်သင်္ဘောများ တိုးချဲ့ချထားကြောင်း သိရသည်။
“တိုက်ပွဲမဖြစ်ပေမယ့် စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်တွေ့ရတယ်။ ဒေသခံတွေ အကုန်လုံးက မလုံခြုံတော့ဘူး။ စစ်ကောင်စီက ထွက်ခွင့်လည်း မပေးဘူး” ဟု မာန်အောင်မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက ဒေသခံများကို ဝင်ထွက်သွားလာခွင့် ပိတ်ထားသဖြင့် မာန်အောင်မြို့နယ်တွင် အခြေခံစားသောက်ကုန် ပြတ်လပ်ကာ ဒေသခံများ စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့လာရသည်ဟု ၎င်းက ဆက်ပြောသည်။
ရခိုင်တွင် တိုက်ပွဲ လုံးဝမဖြစ်သေးသည်မှာ မာန်အောင်နှင့် ဂွမြို့နယ်သာ ကျန်ရှိနေပြီး လက်ရှိတွင် စစ်ရေးလှုပ်ရှားမှုများ တွေ့လာရ၍ တိုက်ပွဲနှင့် မကြုံဖူးသော မာန်အောင်ဒေသခံများမှာ စိုးရိမ်စိတ်များ ရှိနေကြသည်။
လက်ရှိတွင် မာန်အောင်လေဆိပ်၊ မြို့တော်ခန်းမတို့တွင် စစ်ကောင်စီက အခိုင်အမာနေရာယူထားပြီး မြို့အဝင်၊ အထွက်ဂိတ်များတွင်လည်း လုံခြုံရေးတိုးမြှင့်ထားကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
ရခိုင်တောင်ပိုင်းတွင် အာရက္ခတပ်တော်က စစ်မျက်နှာဖွင့်လာချိန် စစ်ကောင်စီသည် မာန်အောင်လေဆိပ်ကို ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်ပြီး စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုနေခြင်း ဖြစ်သည်။
ယခင်က ရန်ကုန် – မာန်အောင် – စစ်တွေ – ကျောက်ဖြူ ခရီးစဉ်ကို မြန့်မာ့အမျိုးသားလေကြောင်းလိုင်းက လူ ၁၀ ဦးဆံ့ လေယာဉ်ငယ်ဖြင့် ပြေးဆွဲခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ရပ်တန့်ခဲ့သည်။
“မာန်အောင်အနီးက ကျောက်ဖြူနဲ့ တောင်ကုတ်မှာ တိုက်ပွဲတွေ ပြင်းထန်လာရင် အင်အားဖြည့်တင်းဖို့အတွက် မာန်အောင်လေဆိပ်ကို အသုံးပြုလာနိုင်တယ်။ ဒါကြောင့်လည်း စစ်ကောင်စီက ကြိုတင်ပြင်ဆင်နေတာ” ဟု စစ်ရေး၊ နိုင်ငံရေး အကဲခတ်တစ်ဦးက ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် မောင်တောနှင့် သံတွဲမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်းဌာနချုပ်များကို ဖြတ်တောက်ပိတ်ဆို့ကာ တိုက်ခိုက်လျက်ရှိနေသည်။
အောင်ထိန် (DMG) ပေးပို့သည်။