မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ဆီဆိုင်မြို့ ရပ်ကွက်တိုင်း၌ကျန်ရှိနေ

0
196

သျှမ်းပြည်၊ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်မှုကြောင့် မပေါက်ကွဲ သေးသည့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ ရပ်ကွက်တိုင်း၌ရှိနေကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့ကို ဇန်နဝါရီလ နောက်ဆုံးပတ်ကတည်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA နှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များက တစိတ်တပိုင်းထိန်းချုပ်လာပြီးနောက်ပိုင်း စစ်ကောင်စီသည် ဆီဆိုင်မြို့ထဲသို့ လက်နက်ကြီး၊ တင့်ကားဖြင့် ပစ်ခတ်ခြင်းအပါအဝင် ဒရုန်း၊ တိုက်လေယာဉ်တို့ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်က အပြင်းအထန် တိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့သည် မြို့ပျက်ကြီးသဖွယ် နေအိမ်၊ အဆောက်အဦးနှင့် ဘုန်းကြီးကျောင်း အများအပြား ပျက်စီးသွားအပြင် မြို့အတွင်းရှိ ရပ်ကွက်တိုင်းတွင် မပေါက်သေးသည့် မိုင်းများ၊ ဗုံးသီးများလည်း ကျန်ရှိနေကြောင်း PNLO ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

“ မြို့ထဲမှာတွေ့နေရတဲ့ ဗုံးသီးတွေက စစ်ကောင်စီဘက်က ပစ်လိုက်တဲ့လက်နက်ကြီးပါ။ ဒီဗုံးသီးတွေက ရပ်ကွက်တိုင်းမှာ ရှိပါတယ်။ ပြီးတော့ မိုင်းထောင်ထားတွေလည်း ရှိတယ်။ မပေါက်ကွဲသေးတဲ့မိုင်းတွေ အများကြီးရှိတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန် ပစ္စည်းများကြောင့် ဧပြီလ ၁ ရက်တွင် ဆီဆိုင်မြို့ထဲသို့ ပြန်သွားသည့် ဒေသခံအမျိုးသား ၁ ဦး မိုင်းနင်းမိပြီး ခြေထောက်ဖြတ်လိုက်ရကြောင်း သိရသည်။

လက်ရှိတွင် ဆီဆိုင်မြို့မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် PNO တို့က ထိန်းချုပ်ထားပြီး မြို့တောင်ဘက်ခြမ်းကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များက ထိန်းချုပ်ထားခြင်း ဖြစ်သည်။

နေရပ်ပြန်ကြည့်သည့် ဆီဆိုင်မြို့ခံအမျိုးသားတစ်ဦးက “ အခုဆီဆိုင်မြို့ထဲကို စစ်ကောင်စီဘက် ဝင်ခွင့်ပြုထား တယ်။ တရားဝင်ကြေညာထားတော့ မရှိဘူး။ သူတို့လူတွေနဲ့ညှိပြီး ဝင်ခွင့်ပြုထားတယ်။ အခုတလောကတော့ တစ်ယောက်ပြီးတစ်ယောက် ဝင်ပြီး ပစ္စည်းသယ်ယူနေကြတာပဲ။ တချို့က အိမ်ကိုပြန်ကြည့်တာ။ တချို့ကြ မီးထဲမပါသွားတဲ့ပစ္စည်းတွေ ပြန်သုံးလို့ရမလားဆိုပြီး သယ်နေကြတာ” ဟု ပြောသည်။

သို့သော် ဆီဆိုင်မြို့ထဲကို ပြန်ဝင်လာကြသည့် ဒေသခံများကို စစ်ကောင်စီက ပအိုဝ်းဝတ်စုံ ဝတ်ဆင်စေပြီး လူသားဒိုင်းလုပ်၍ ဆီဆိုင်မြို့တွင်းနေရာအချို့တွင် ဓာတ်ပုံဝင်ရိုက်ကြောင်း၊ ပြည်သူအား လူသားဒိုင်းအဖြစ် အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် လူထုများအား မြို့တွင်းပြန်ဝင်နိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီက သတင်းမှားဖြန့်နေသည်ဟု PNLO က မတ်လ ၃၀ ရက်တွင် အသိပေးထုတ်ပြန်ထားပါသည်။

ထို့အပြင် ဆီဆိုင်မြို့ကို ပြန်ဝင်လာကြသည့် ဒေသခံ ၂၀ ကျော်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပြီး အဆက်အသွယ် ပြတ်တောက်နေသည်ဟု ဆိုသည်။

သျှမ်းတောင် ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ် တိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှု ၅၃ ဦးအထိ ရှိလာပြီး အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် အရပ်သား ထိခိုက်ဒဏ်ရာရမှု ၇၀ ဝန်းကျင်အထိ မြင့်တက်လာနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးက မတ်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here