မတရားအသင်းပုဒ်မဖြင့် တရားစွဲခံထားရသည့် ကျောက်ဖြူဒေသခံနှစ်ဦးအမှု ၈ လ အကြာတွင် စတင်စစ်ဆေး

0
395
ပုံစာ - မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံရသည့် ကျောက်ဖြူဒေသခံနှစ်ဦး။

စစ်ကောင်စီက ဖမ်းဆီးပြီးနောက် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံနေရသည့် ကျောက်ဖြူဒေသခံနှစ်ဦး အမှုကို ၈ လ အကြာတွင် စတင်စစ်ဆေးကြောင်း အမှုလိုက်ပါဆောင်ရွက်နေသူ ရှေ့နေက ပြောသည်။

၎င်းတို့နှစ်ဦးအမှုကို စစ်ဆေးရန်အတွက် ရုံးချိန်းအကြိမ်ကြိမ် ချိန်းဆိုခဲ့သော်လည်း တရားလိုဘက်က ပျက်ကွက် ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့က ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးထုတ်ရာတွင် တရားလိုပြသက်သေများကို ပထမအကြိမ် စစ်ဆေးနိုင်ခဲ့သည်ဟု အဆိုပါရှေ့နေက ပြောသည်။

“အမှုက ကြာပြီဆိုပေမယ့် မနေ့ကမှ တရားလိုပြ သက်သေကို စတင်စစ်ဆေးတာဖြစ်လို့ စွဲချက် မတင်ရသေးပါဘူး” ဟု ယင်းရှေ့နေက ပြောသည်။

အမှုကို ဆက်လက်စစ်ဆေးရန် လာမည့် ဩဂုတ်လ ၇ ရက်နေ့ကို ထပ်မံရုံးချိန်းထားသည်ဟု ၎င်းက ဆက်ပြောသည်။

တရားစွဲဆိုခံထားရသူမှာ ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာမှ အသက် (၃၅) နှစ်အရွယ် ဦးဇော်လင်းနှင့် အသက် (၃၄) နှစ် ဦးဇော်မျိုးထွန်းတို့ ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း သံသယဖြင့် ဖမ်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ ကျောက်ဖြူအခြေစိုက် (၃၄) တပ်ရင်းမှ ဒုဗိုလ် ချစ်ထက်အောင်က တရားလို ပြုလုပ်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နှင့် တရားစွဲဆိုထားရာတွင် ထိုစွပ်စွဲချက်အပေါ် မိသားစုဝင်များက ငြင်းဆိုကြသည်။

ထိုသို့ တရားရင်ဆိုင်နေရသည့်အတွက် မိသားစုဝင်များမှာ စားဝတ်နေရေး၊ ငွေကြေးအခက်အခဲများ ကြုံနေရသဖြင့် အမြန်ဆုံးစစ်ဆေးပေးပါရန် ဦးဇော်လင်း၏ဇနီး ဒေါ်သန်းသန်းက အခုလို ပြောသည်။

“ကျမတို့မှာက မြို့နဲ့လည်းဝေးတော့ ရုံးချိန်းတစ်ခေါက်လာဖို့ မလွယ်ဘူး။ အချိန်ရော ငွေရော အကုန်အကျ ရှိတယ်။ အမှုကလည်း အခုမှစပြီး စစ်ဆေးနိုင်တာဆိုတော့ နောက်ထပ် ဘယ်လောက်ကြာအုံးမလဲ မပြောနိုင်သေးဘူး” ဟု ဒေါ်သန်းသန်းက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တကျော့ပြန် တိုက်ပွဲကာလအတွင်း ကျောက်ဖြူ မြို့နယ်တွင် AA သံသယဖြင့် ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နိုင်ငံတော် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ (က) တို့ဖြင့် တရားစွဲခံထားရသူ စုစုပေါင်း ၂၃ ဦး အထိ ရှိကြောင်း မှတ်တမ်းများအရ သိရသည်။

တရားစွဲဆိုခံရသူများထဲတွင် အစိုးရဝန်ထမ်း၊ ရေလုပ်သားနှင့် လက်လုပ်လက်စားများ ပါဝင်ပြီး ၎င်းတို့နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တင်ပြထားသည်မှာ ၅ လခန့်ကြာမြင့်လာသော်လည်း ထူးခြားမှု မရှိသေးကြောင်း ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ကော်မရှင်ဘက်ကတော့ သေချာတဲ့အကြောင်းပြန်မှု မရှိသေးတဲ့အတွက် တရားစွဲဆိုခံရတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ဆက်ပြီး ဘယ်လိုမျိုး အကြောင်းထူးလာမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်နေပါတယ်” ဟု ဦးမြတ်ထွန်းက ပြောသည်။

တရားစွဲဆို ခံထားရသူများမှာ တရားလိုဘက်က ရုံးချိန်းမလာရောက်သည့်အတွက် အမှုကြန့်ကြာနေပြီး အပြီးသတ်အမိန့် ချမှတ်ရန်သာ ကျန်ရှိတော့သူ တချို့မှာလည်း “တရားရုံးက အဆင်သင့်မဖြစ်သေး” အကြောင်းပြချက်ဖြင့် ရုံးချိန်း ကြိမ်ကြိမ် ရွှေ့ဆိုင်းခံနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here