မင်းတပ်၊ မကွီအိမ်နူးမြို့ကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက် ပြည်သူ ၃ ဦး ဒဏ်ရာရ

0
311
ပုံစာ - မကွီအိမ်နူးမြို့၊ မင်းတပ်မြို့နယ် ၁၆ မိုင်နှင့် ပန်းစခန်းကြား ဗုံးကြဲခံရမှု။

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မကွီအိမ်နူးမြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦးနှင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က သတင်းထုတ်ပြန်သည်။

“တပ်ရင်းတပ်ဖွဲ့လည်း မရှိ၊ စစ်ကြောင်း အသွားအလာလည်း မရှိဘူး။ ဘာကြောင့် ဗုံးကြဲသလဲမသိဘူး၊ ညနေ ၃ ခွဲလောက်မှာ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ရှိတယ်။ ပြည်သူ ၃ ဦးက မစိုးရိမ်ရ ဒဏ်ရာတွေ ရတယ်။ နီးစပ်ရာ ဆေးခန်းတွေမှာ ကုသနေရတယ်” ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချပ်ရေးအဖွဲ့မှ တာဝန်ရှိသူကိုယောမာန်က ပြောသည်။

နိုဝင်ဘာလ ၇ ရက် ညနေ ၃ နာရီခွဲက မကွီအိမ်နူးမြို့ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သားနေအိမ် ၁၃ လုံး၊ သာသနာအဆောက်အဦး ၄ လုံး၊ ကျောင်းဆောင် ၂ လုံးတို့ ထိခိုက်ပျက်စီးခဲ့သည်ဟု CDF- မင်းတပ်က သတင်းထုတ်ပြန်ထားသည်။

မင်းတပ်ခရိုင်၊ မကွီအိမ်နူးမြို့သည် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝစသည့် မြို့နယ်များ၏ နယ်စပ်များနှင့် ထိစပ်တည်ရှိသည့် မြို့ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည် နိုဝင်ဘာလ ၄ ရက်က မင်းတပ်မြို့နယ် ၁၆ မိုင်နှင့် ပန်းစခန်းကြားရှိ အများပြည်သူသွားလမ်းကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ဖြင့် ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ရာ အရပ်သားနေအိမ် ၃လုံး ပျက်စီးခဲ့ပြီး မင်းတပ် ခလရ ၂၇၄ တပ်မှလည်း လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့သည်ဟု မင်းတပ်- CDF က ထုတ်ပြန်သည်။

မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စပ် ပြုလုပ်လာခြင်းမှာ ထိုးစစ်ဆင် ခံရမည်ကို ကြောက်လန့်၍ လုပ်နေသည်ဟု ယူဆကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။

“အဓိကက ပြည်သူတွေ သေဆုံးမှု မရှိတာ၊ အကြီးအကျယ် ထိခိုက်ဒဏ်ရာရတာ မရှိတာ ကံကောင်းတယ် ပြောရမယ်။ စကစက တဖြည်းဖြည်း ရှုံးလာတော့ ရှုံးမည်း မည်းလာတာ နေမှာပါ။ သူတို့ကို ပြန်ထိုးစစ်ဆင်လာမှာ ကြောက်တာလည်း နေမှာပါ။ အဲဒါကြောင့် သူတို့က လက်ဦးပြီးမှ ပြည်သူတွေစိတ်ထဲကို အကြောက်တရား ရိုက်သွင်းချင်တာလား” ဟု ၎င်းက ပြောသည်။

ယခုရက်ပိုင်းတွင် မင်းတပ်မြို့ပေါ်နှင့် မြို့နယ်အတွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here