ချင်းပြည်ရှိ မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်များအကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီသည် လေကြောင်းဖြင့် အတွဲလိုက် ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေကြောင်း မင်းတပ်ဒေသခံများပြောဆိုမှုအရ သိရသည်။
ဒီဇင်ဘာ ၁၉ ရက်နေ့ နံနက် ၂ နာရီခန့်က မင်းတပ်မြို့ပေါ် တိုက်ပွဲဖြစ်ပွားသော နေရာဝန်းကျင်ကို စစ်ကောင်စီက Y- 12 လေယာဉ်ဖြင့် ၁၂၀ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့သည်ဟု မင်းတပ်မြို့ဒေသခံတဦးက ပြောသည်။
“ဒီမနက် ၂ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်မှု ရှိပါတယ်။ မင်းတပ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေတဲ့နေရာမှာ လေကြောင်း တိုက်ခိုက်မှုလုပ်နေတာပါ။ သူတို့က Y – 12 လေယာဉ်နဲ့ ၁၂၀ မမ ဗုံးသီးတွေချတာပါ။ အနီးကပ် လည်း မဟုတ်တော့ ဘယ်လိုအခြေအနေရှိလဲက သိပ်ပြီးတော့မပြောတတ်ဘူး” ဟု အဆိုပါမင်းတပ်ဒေသခံက ပြောသည်။
နိုဝင်ဘာလ ၉ ရက်နေ့က စတင်ခဲ့သော မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ် မှ အောင်မြင်မှု တော်တော်များများကို ရရှိထားသည်ဟု CDF – မင်းတပ် တာဝန်ရှိသူများက ပြောသည်။
မင်းတပ်မြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီသည် ဒီဇင်ဘာလ ၁၂ ရက်မှ စတင်၍ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှုများကို နေ့ဘက်မှာသာမက ညဘက်များတွင်ပါ အတွဲလိုက်ဗုံးများဖြင့် ပြင်းပြင်းထန်ထန် ပစ်ကူပေးနေကြောင်း မင်းတပ်ဒေသခံတချို့က ပြောသည်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေး ၁ လကျော် ရှိလာချိန်တွင် ဒီဇင်ဘာ ၁၂ ရက်နေ့မှ စတင်၍ ခလရ – ၂၇၄ ဌာနချုပ် အတွင်းထိ ချင်းပူးပေါင်းတပ်က ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့ နံနက်က မင်းတပ်မြို့ပေါ်ကို Y 12 လေယာဉ်ဖြင့် ပတ်ပျံပြီး ၁၂၀ မမ ဗုံးများကို နှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်တွင်လည်း စစ်ကောင်စီသည် ပေါင် ၅၀၀ ဗုံး၊ ၁၂၀ မမ ဗုံးများအသုံးပြု၍ နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ခလရ – ၂၇၄ တပ်ရင်းထဲကို စားနပ်ရိက္ခာ၊ ခဲယမ်းများ ချပေးခဲ့ကြောင်း မင်းတပ်မြို့ခံ ကိုဟာကလေးထံမှ သိရသည်။
မင်းတပ်မြို့တွင် စစ်ကောင်စီသည် ခလရ – ၂၇၄ ၊ ထွေအုပ်ရုံး၊ ရဲစခန်း၊ ဌာနဆိုင်ရာရုံးများအပါအဝင် မြို့ပေါ် အချက်အချာကျသော နေရာများတွင် တပ်စွဲထားပြီး ချင်းပူးပေါင်းတပ်က တချို့စခန်းများကို သိမ်းပိုက်ရရှိ ထားပြီဟု သိရသည်။
စစ်ကောင်စီသည် မင်းတပ်မြို့တိုက်ပွဲများတွင် မြို့ပေါ်နေအိမ် ၂၀၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးထားကြောင့် ဒေသခံများက ပြောသည်။
အလားတူ ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များသည် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ချင်းညီနောင်စစ်ဆင်ရေးတွင် စစ်ကိုင်းမှ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် Generation Z Army (GZA) အဖွဲ့များ၊ မကွေးတိုင်းနှင့် ယောနယ်ဘက်မှ အညာတော်လှန်ရေးတပ်ဖွဲ့များ၊ အာရက္ခတပ်တော် AA/ULA လည်း ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။
KMG ပေးပို့သည်။