ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို ထိန်းချုပ်ထားသော စစ်ကောင်စီတပ်၏ ခလရ – ၂၇၄ တပ်ရင်းကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်များက သိမ်းနိုင်ပြီဖြစ်ကြောင်း ဒေသခံတချို့ထံမှ သိရသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များက ဖော်ဆောင် လျက်ရှိရာ တိုက်ပွဲဖြစ်ပွားသည့် ရက်ပေါင်း ၄၃ ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာလ ၂၁ ရက် မနက်ပိုင်းတွင် ခလရ – ၂၇၄ ကို သိမ်းနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
မင်းတပ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် မကွေးတိုင်းယောနယ်မှ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးနေသောကြောင့် လူစိမ်းများတွေ့ပါက နီးစပ်ရာ အဖွဲ့အစည်းများထံ ဆက်သွယ်ပေးကြရန်နှင့် သတိပြုနေထိုင်ကြရန် လိုအပ်သည်ဟု ပူးပေါင်းတပ်များထံက သိရသည်။
ဒီဇင်ဘာ ၂၁ ရက်နေ့ မနက် ၁၁ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် Y – 12 ဗုံးကြဲလေယာဉ်ဖြင့် ၁၀ လုံးတွဲ၊ ၅ လုံးတွဲ၊ ၃ လုံးတွဲ ဗုံးသီးများအသုံးပြု၍ တနာရီခန့် တိုက်ခိုက်သွားကြောင်း၊ နံနက် ၂ နာရီခွဲကလည်း ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်သည်ဟု မင်းတပ်မြို့ခံတစ်ဦး ပြောဆိုမှုအရ သိရသည်။
မင်းတပ်မြို့ပေါ်ရှိ စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်းအိမ်ရာ လိုင်းခန်း (စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတပ် (မင်းတပ်) မြလေးပွင့်စေတီကုန်း၊ ၄ မိုင်းကုန်းကို သိမ်းပိုက်ကာ မင်းတပ်မြို့ နေရာအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၁၅ ရက်က မင်းတပ်ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၁၂၃ ဦးနှင့်အတူ ၎င်းတို့၏မိသားစုဝင်များပါ လက်နက်ချသောကြောင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ ထားကြောင်း သိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီသည် Cluster ဗုံးများ၊ (ဗုံးသီးအများအပြား ပါဝင်သော ထပ်ဆင့် ပေါက်ကွဲ စေသောဗုံး)၊ မီးလောင်ဗုံးများ၊ ပေါင် ၅၀၀ ဗုံး အပါအဝင် ဗုံးအမျိုးမျိုးဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်များစွာ ပြုလုပ်ခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီတပ်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်သည်အထိ ပြင်းပြင်းထန်ထန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားသည်။
KMG ပေးပို့သည်။