မကွေး၊ ကမ္မတွင် ပိတ်မိနေသည့် စစ်ကောင်စီယာဉ်တန်းက သွားလာရန် လမ်းသစ်ဖောက်လုပ်ပြင်ဆင်နေ

0
226
ပုံစာ - မတ်လ ၂၆ ရက်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကမ္မ၊ ဂျိုးပျံရပ်ကွက်မှ မြင်ကွင်းများ (Photo - Social Media)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ကနေ ထွက်လာသည့် ယာဉ်အစီး ၁၀၀ ကျော်ပါဝင်သော စစ်ကောင်စီယာဉ်တန်းသည် ကာကွယ်ရေးတပ်များ၏ တိုက်ခိုက်ခံရမှုကြောင့် မူလရှိရင်းစွဲကားလမ်းအတိုင်း မသွားရဲခြင်းကြောင့် လမ်းသစ် ဖောက်ပြီးသွားလာရန် ပြင်ဆင်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ပခုက္ကူမြို့နယ်ကနေ ထွက်လာသည့် အဆိုပါ ယာဉ်အစီး ၁၀၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းသည် ကမ္မမြို့ ကနေ ဖြတ်သန်း၍ ပေါက်မြို့နယ်သို့ မူလရှိရင်းစွဲ ကားလမ်းအတိုင်း သွားနေချိန်တွင် ဒေသကာကွယ်ရေး တပ်များ၏ တိုက်ခိုက်မှုကြောင့် ဆက်မသွားရဲခြင်းဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ကမ္မမြို့ကနေ ပေါက်မြို့သို့ အဆိုပါကားလမ်းအတိုင်း ဆိုင်ကယ်နှင့်သွားမည်ဆိုပါက ၁ နာရီဝန်းကျင်သာကြာမြင့် ရောက်ရှိနိုင်သော်လည်း စစ်ကောင်စီယာဉ်တန်းသည် ကမ္မမြို့မှာပင် ၁၀ ရက်ဝန်းကျင်အထိ ပိတ်မိနေခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။

“လောလောဆယ် သာကြီးတောင်ရေနံမြေဘက်ကို ရောက်နေတယ်။ အဲဒီမှာ စခန်းချပြီးတော့ သူတို့မှာပါလာတဲ့ မြေကော်စက်တွေနဲ့ လမ်းဖောက်ပြီးသွားဖို့ ပြင်နေတယ်။ လှုပ်ရှားမှုတော့ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။

ပိတ်မိနေသည့် စစ်ကောင်စီစစ်ကြောင်းပါ ထိုယာဉ်တန်းသည် မတ်လ ၂၆ ရက်နေ့က ကမ္မမြို့ ဂျိုးပျံရပ်ကွက်ခေါ် ၁၂ ရက်ကွက်ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၅၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက် ထားတာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၁၂ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

ယင်းအပြင် အဆိုပါစစ်ကြောင်းကို ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် Young Force UG အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here