ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယာန်မြို့အတွင်း စစ်ရေးတင်းမာနေပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည့်အပြင် ဒေသခံပြည်သူတချို့လည်း တိုက်ပွဲကြား ပိတ်မိနေတယ်လို့ ဗန်းမော်မြို့ခံတွေဆီက သိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့ က စပြီး ဒေါ့ဖုန်းယာန်မြို့အနီးရှိ ဒုန်ခုန်းကျေးရွာခံတချို့ ဗန်းမော်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင် လာနိုင်ခဲ့သော်လည်း ကျေးရွာသားတချို့မှာ ဒုန်ခုန်းကျေးရွာအတွင်း ကျန်ရှိနေသေးတယ်လို့ စစ်ဘေးရှောင်လာသည့် ဒေသခံရွာသားများထံက သိရသည်။
အလားတူ လွယ်မောက်ယန် ဘက်ကို ဇူလိုင်လ ၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံရွာသားများသည် လွယ်မောက်ယန် ဘက်ကနေ မန်ဆိုင်းရွာ ဘက်သို့ ထွက်ပြေးတိမ်းရှောင်စဉ် လက်ရှိအချိန်ထိ ရွာသားတချို့ ပိတ်မိနေတယ်လို့ စစ်ရှောင်များကို ကူညီနေသည့် ဗန်းမော်မြို့ခံတစ်ဦးက အခုလို ပြောဆိုသည်။
“လွယ်မောက်ယန်က ရွာသားတွေက အရမ်းရှုပ်လာတော့ သိပ်တော့ မကြာလောက်ဘူးပေါ့။ အခြေအနေ ပြန်ငြိမ်ရင် ပြန်လာမယ်ဆိုပြီး မန်ဆိုင်းရွာဘက် ခဏ တိမ်းရှောင်သွားတာ၊ အဲ့ဒါနဲ့ အခုချိန်ထိ အခြေအနေက တင်းမာနေဆဲဆိုတော့ သူတို့အတွက် အရမ်းခက်နေတာ၊ ဗန်းမော်ဘက်ကို ဆင်းလာချင်ပေမဲ့ လမ်းအခြေအနေက ဆင်းမရဘူး ဖြစ်နေတယ်။ ဒုန်ခုန်းက ရွာသားတချို့လည်း ရွာမှာ ကျန်နေသေးတယ်။ဗန်းမော်ဘက်က ကားလည်း တက်လို့မရဘူး ဖြစ်နေတော့ ရွာသားတွေ ကြားမှာ ပိတ်မိနေတဲ့ အခြေအနေပေါ့” ဟု ၎င်းက ပြောသည်။
ယင်းအပြင် ဇူလိုင် ၁၈ ရက်နေ့မှာလည်း နှစ်ဘက်တပ်အကြား စစ်ရေးတင်းမာနေသည့် ဒေါ့ဖုန်းယန်-လဂျားယန် ကြားရှိ လွယ်မောက်ယန်၊ ဒေါ့ဖုန်းယန်၊ နားလုံ၊ မန်ဆိုင်း၊ ဆမ်ပါ စသည့် ကျေးရွာများမှာ ဖုန်းလိုင်းများ ဆက်သွယ်လို့မရဖြစ်နေပြီး အချိတ်အဆက် ပြတ်တောက်နေသည်ဟု အဆိုပါ ဗန်းမော်မြို့ခံက ဆက်ပြောသည်။
စစ်ကောင်စီတပ်သည် ဇူလိုင် ၇ ရက်နေ့က လွယ်မောက်ယန်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန်၌ ရွာအဝင်တွင် မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက်တွင် ရွာသားများကို အပြစ်တင် ဖမ်းဆီးစစ်ဆေးပြီး ရိုက်နှက်တာ လုပ်သည့်အပြင် ရွာသားများ၏ ဖုန်းများကိုပါ သိမ်းယူခဲ့တယ်လို့ ဒေသခံရွာသားများ၏ ပြောဆိုမှုအရ သိရသည်။
အလားတူ လွယ်မောက်ယန်ဘက်တွင် စစ်ကောင်စီတပ်နှင့် KIA တပ်တို့ အကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်လာတာကြောင့် လွယ်မောက်ရွာ ဒေသခံများသည် မုန်လိုင်ချောင်းအနီး မန်ဆိုင်းရှမ်းရွာဆီကို ယာယီထွက်ပြေး တိမ်းရှောင်နေကြကြောင်း သိရသည်။
လွယ်မောက်ယန် ဒေသခံများသည် လက်ရှိအချိန်ထိ မန်ဆိုင်းရွာက ပြန်ထွက်လို့မရ ဖြစ်နေသည့်အပြင် ယူဆောင်လာသည့် အစားအသောက်များလည်း ကုန်နေပြီ ဖြစ်တာကြောင့် အစားအသောက်ပြတ်လပ်မှု အခက်အခဲကြုံတွေ့နေကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။
လွယ်မောက်ယန်တွင် အိမ်ခြေ ၄၂ အိမ်၊ လူဦးရေ စုစုပေါင်း ၁၃၂ ရှိပြီး လက်ရှိ၌ မန်ဆိုင်းရွာတွင် ပိတ်မိနေသည့် လွယ်မောက်ယန် ဒေသခံတချို့သည် မန်ဆိုင်းရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း၌ ခိုလှုံနေရပြီး နေရာထိုင်ခင်း၊ အစားအသောက်နှင့် ဆေးဝါးအခက်အခဲများ ကြုံတွေ့နေကြသည်ဟု ကူညီပေးသူများက ပြောဆိုသည်။
ဒေါ့ဖုန်းယန်နဲ့ လဂျားယန် ကို ဆက်သွယ်ထားသည့် ကားလမ်းမပေါ်တွင် ကျေးရွာ ၄ ရွာ ခန့် ရှိသည့် အနက် ဒိန်ဂါရွာနှင့် ခလားကျေးရွာ ဒေသခံများသည် လက်ရှိတွင် ဒေါ့ဖုန်းယန်၌ စစ်ဘေးရှောင် နေကြသလို ဒုန်ခုန်းရွာ ဒေသခံတချို့သည် ဗန်းမော်မြို့ပေါ်သို့ စစ်ဘေးရှောင် ရောက်ရှိနေကြတယ်လို့ ကူညီပေးနေသူများက ပြောသည်။
သို့သော် ဒုန်ခုန်းရွာ ဒေသခံတချို့နဲ့ လွယ်မောက်ယန် ဒေသခံတချို့မှာ လက်ရှိချိန်၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့ အတွက် ပိတ်မိနေသေးကြောင်း ဗန်းမော်မြို့ရှိ စစ်ရှောင်ကူညီသူတစ်ဦးက အခုလို ပြောဆိုသည်။
“အများပိုင်းတော့ ကိုယ်သိရာကျွမ်းရာဆီ ခိုလှုံလို့ရတဲ့ နေရာတွေဆီ ယာယီ ထွက်ပြေးသွားကြသူ များတယ်။ ဒီဘက် ဗန်းမော်ဘက်ကို ရောက်လာတာက ဒုန်းခုန်းကပဲ၊ သူတို့တောင် ရွာကနေ တဝက်လောက် သူတို့ကားနဲ့ ဆင်းလာကြပြီး ဒီဘက်ကနေ လမ်းတဝက်ကနေ ပြန်လာခေါ်နိုင်တာ။ အခု လမ်းတလျှောက် စစ်ကြောင်းတွေက သေနတ်တွေ ပစ်ဖောက်ပြီး တက်လာတာဆိုတော့ ဘယ်သူမှ ဖြတ်သွားလို့မရ ဖြစ်နေတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ဒုန်ခုန်းကျေးရွာခံ ၅၀ ဦး ခန့်သည် ဗန်းမော်မြို့မှ ၂ မိုင် အကွာအဝေးမှာရှိသည့် အောင်သာ KBC အသင်းတော်ဝင်းထဲသို့ ထွက်ပြေးတိမ်းရှောင်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကူညီပေးသူများထံက သိရသည်။
ဗန်းမော်မြို့သို့ ရောက်ရှိနေသည့် ဒုန်ခုန်းကျေးရွာခံ စစ်ဘေးရှောင်များအတွက် အစားအသောက်နှင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း ဗန်းမော်မြို့ခံ ကူညီပေးနေသူတစ်ဦး အခုလို ပြောသည်။
“ဒုန်ခုန်းကျေးရွာက ရွာသားတွေပဲ ထွက်ပြေးလာနိုင်ခဲ့သေးတယ်။ အခု ဒီစစ်ရှောင်တွေ အတွက်လည်း အစားအသောက် ခက်ခဲနေတယ်။ အောင်သာ အသင်းတော်ကနေပဲ ကျွေးနေတော့ အစားအသောက် ခက်တယ်။ ဆေးဝါးလည်း အရေးကြီးတယ်၊ ဖျားတာနာတာများတော့ ဆေးဝါးလည်း အရေးပေါ်လိုအပ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။
စစ်ကောင်စီတပ်များသည် လက်ရှိအချိန်ထိ ဗန်းမော်ဘက်ကနေ ဒေါ့ဖုန်းယန် – နမ်ဆန်ယန် ဘက်သို့ စစ်အင်အားပြည့်ဖြင့် ဆက်တိုက် ထိုးစစ်ဆင် လှုပ်ရှားနေကြောင်း ဒေသခံများက ပြောသည်။
ဗန်းမော်ဘက် ကနေ တက်လာသည့် စစ်ကောင်စီ စစ်ကြောင်းများကို ဒေါ့ဖုန်းယန်အလွန် ဒိန်ဂါ၊ ခလားကျေးရွာ အနီးတဝိုက်၌ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၅ တပ်ရင်း ၁၈ နဲ့ တပ်ရင်း ၁၉ တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် လက်ရှိချိန်အထိ နှစ်ဘက်စစ်ရေး တင်းမာနေသေးကြောင်း ဒေသခံများက ပြောဆိုသည်။
KNG ပေးပို့သည်။