6 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းဖောင်းပြင်မြို့နယ် နယ်မြေအများစုကို PDF ပူးပေါင်းတပ် ထိန်းချုပ်ထားနိုင်ပြီဖြစ်

ဖောင်းပြင်မြို့နယ် နယ်မြေအများစုကို PDF ပူးပေါင်းတပ် ထိန်းချုပ်ထားနိုင်ပြီဖြစ်

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် SNA ပူးပေါင်းတပ်တို့ စိုးမိုးထားသည့် နယ်မြေအများအပြားကို ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီဟု သိရသည်။

“ဒီကနေ့အထိဆိုရင် ကျနော်တို့ဘက်က ထိန်းထားနိုင်တဲ့ရွာတွေကတော့ သူတို့ကိုအထိနာပြီး အကျပ်ရိုက်စေတဲ့ လွင်ကြီးရွာ၊ ဆိတ်ဆားရွာ၊ သရောင်းရွာရယ် မင်းယာရွာရယ် ပြီးတော့ တခြားရွာတွေလည်းအများကြီးပဲ။ ရွာပေါင်းကို မနည်းတော့ဘူး။ ရွာတွေ မရှိသလောက်ဖြစ်သွားပြီဗျ။ မြို့နယ်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်ကိုတော့ ထိန်းထားနိုင်ပြီ” ဟု ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖောင်းပြင်မြို့နယ်ကို ၂၀၂၄ ခုနှစ် မတ်လကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်ပြီး လက်ရှိ၌ သိမ်းပိုက်ထားနိုင်သည့် မြို့နယ်ဧရိယာ ရာခိုင်နှုန်းအားဖြင့် ၉၀ ခန့်ရှိသည်ဟု ၎င်းက ဆိုသည်။

ကျေးရွာအုပ်စုပေါင်း ၄၅ အုပ်စုရှိသည့် ဖောင်းပြင်မြို့နယ်တွင် လက်ရှိ၌ ပင်သာရွာအုပ်စု၊ အောက်တောင်းကျေးရွာ အုပ်စုနှစ်နှင့် ဖောင်းပြင်မြို့တစ်ခုတို့ကိုသာ SNA နှင့် စစ်ကောင်စီတပ်တို့က ထိန်းချုပ်ထားနိုင်ပြီး ကျေးရွာ အုပ်စု ၄၃ စုကို ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။

“စကခ (စစ်ကောင်စီတပ်) နဲ့ SNA တွေ ထိန်းချုပ်ထားနိုင်တာကတော့ ဖောင်းပြင်မြို့ပေါ်ရယ် ပင်သာရွာ အုပ်စုထဲက ပင်သာရွာမကြီးရယ် ပြီးတော့ အောက်တောင်းအုပ်တစ်ခုလုံးရယ် အဲ့ဒါပဲကျန်တယ်ဗျ။ ကျန်တာက ကျနော်တို့အပိုင်ဖြစ်သွားပြီ” ဟု အထက်မှာဖော်ပြခဲ့တဲ့ ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စာရင်းအရ လွင်းကြီးရွာ၊ ဆိတ်ဆားရွာ၊ သရောင်းရွာ၊ မင်းယာရွာ၊ ရေအောက်တောင်းရွာ၊ ယောင်းဟီးရွာ၊ သက်ကယ်ကျင်းရွာတို့အပြင် စုစုပေါင်းရွာပေါင်း ၂၀၀ နီးပါးကို ထိန်းချုပ်ထားကြောင်း သိရသည်။

လက်ရှိ၌ ကျန်ရှိနေသည့် ကျေးရွာအုပ်စုနှစ်စုသည်လည်း ဖောင်းပြင်မြို့အနီးဝန်းကျင် ပတ်ပတ်လည်၌ရှိနေသော ကျေးရွာတို့ ဖြစ်ကြသည်။

နောက်ဆုံးကျန်ရှိနေသည့် ဖောင်းပြင်မြို့ပေါ်နှင့် အထက်တွင်ဖော်ပြခဲ့သော ကျေးရွာအုပ်စုနှစ်စုမှာ ဖောင်းပြင် မြို့ခံတပ်ရင်း နှစ်ရင်းဖြစ်သည့် ခမရ ၃၆၇ တပ်နှင့် ခ.ရ ၃၆၈ တပ်တို့အပြင် လဟယ်မြို့နယ်ဘက်က ဆင်းလာသည့် ခမရ ၂၇၂ တပ်နှင့် နယ်မြေခံ SNA ၇၅၃ တပ် စုစုပေါင်း အင်အား ၅၀၀ ကျော်လောက်က မြို့ကို ဝန်းရံပိတ်ဆို့ထားသည်ဟု သိရသည်။

လက်ရှိ၌ တိုက်ပွဲများငြိမ်နေသော်လည်း စစ်ကောင်စီတပ်နှင့် SNA ဘက်က စစ်ရေးလှုပ်ရှားခြင်း၊ လေကြောင်းနှင့် မကြာခဏ ဗုံးကြဲနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့နှင့် နှစ်ဖက်စစ်ဆိုင်နေသည့် အခြေအနေတွင် ရှိနေတာကြောင့် အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာနိုင်ကြောင်း သိရသည်။

လက်ရှိချိန်ထိ ဖောင်းပြင်-ဟုမ္မလင်းကားလမ်းမကြီးကို SNA နှင့် စစ်ကောင်စီတပ်တို့က ပိတ်ဆို့ထားပြီး ဒေသခံပြည်သူများက မြို့ရှောင်လမ်းများကို အသုံးပြုသွားလာနေရပြီး ကုန်စည်များအတွက်လည်း လေကြောင်းကိုသာ အဓိက အားထားနေရကြောင်း ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“မုံရွာဘက်ကနေဆို ကားလည်းလာလို့မရဘူး။ ဖောင်းပြင်ကနေ ပိတ်ထားတယ်။ ရေကြောင်းလမ်းကလည်း ပုံမှန်မရှိဘူး။ ပိတ်ထားတဲ့အချိန်က ခပ်များများပဲ။ အဲ့ဒါကြောင့် ကွမ်းရွက်ကစ ဘာမဆို လေယာဥ်နဲ့ပဲ တင်ရတာ လေယာဥ်နဲ့ဆိုတော့ ကုန်စျေးက မတရားတက်တယ်။ ပြည်သူတွေတော့ ဒုက္ခရောက်ကြတာပေါ့” အဆိုပါ ဟုမ္မလင်းမြို့ခံအမျိုးသမီးက ပြောသည်။

ဖောင်းပြင်မြို့နယ်ထဲက ကျေးရွာသိမ်းတိုက်ပွဲတွေ ဆင်နွဲနေစဥ် စစ်ကောင်စီဘက်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ် အများအပြားသေဆုံးခဲ့ရသလို လူနေအိမ်များလည်း အများအပြားထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါသည်။

ဖောင်းပြင် မြို့နယ်ကို PDF တပ်ဖွဲ့က ၉၀ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်သလို ဖောင်းပြင်မြို့နယ်နှင့် မြို့နယ်ချင်း ဆက်နေသည့် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အပါအဝင် ကျေးရွာအများအပြားကို ဟုမ္မလင်း PDF က ထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။

KNG ပေးပို့သည်။