ကရင်ပြည်နယ် ဖားအံမြို့နှင့် သံတောင်ကြီးမြို့တို့တွင် မတ်လဒုတိယအပတ်မှစပြီး စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူရေး လုပ်ငန်းများ စတင်လှုပ်ရှားလာနေကြောင်း မြို့ခံများပြောဆိုမှုအရ သိရသည်။
ဖားအံမြို့တွင်းမြို့ပြင်ရှိ ရပ်ကွက်အချို့တွင် စစ်မှုထမ်းခေါ်ယူရန် အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ စစ်မှုထမ်း လျှောက်လွှာများ ဖြည့်ခိုင်းခြင်းတို့ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက လိုက်လံလုပ်ဆောင် လာနေသည်ဟု ကိုယ်တိုင်တွေ့ကြုံနေရသည့် ဖားအံမြို့ခံများက ပြောသည်။
“အိမ်တွေမှာရှိတဲ့ လူဦးရေစာရင်း လိုက်ကောက်ရင်းနဲ့ စစ်မှုထမ်းဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေ ပါတဲ့ဖောင်ဖြည့်ခိုင်းလို့ ကျနော်ဖြည့်လိုက်ရတယ်” ဟု ဖားအံမြို့နေ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်အတွင်း မြို့နယ်အချို့ရှိ အများပြည်သူ သွားလာလှုပ်ရှားသည့် လူစည်ကားရာနေရာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို လူထုနားလည် သဘောပေါက်စေရန်ဟုဆိုပြီး စစ်ကောင်စီတပ်က လက်ကမ်း စာစောင်များ လိုက်လံဝေငှခဲ့ပြီးနောက် စစ်မှုထမ်းခေါ်ယူရေးအတွက် ယခုလမှ စတင်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့်အပတ်အတွင်းက သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့ဟောင်း၏ အထွေထွေအုပ်ချုပ်ရေးမှူးက ခရစ်ယာန်သင်းအုပ်ဆရာတော်များအား အစည်းအဝေးခေါ်ယူ၍ စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်းရှိသူများကို စတင်ခေါ်ယူတော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြန်ပြောပါသည်။
သံတောင်ကြီးဒေသခံတစ်ဦးက “ပြီးခဲ့တဲ့အပတ်က ဘုရားကျောင်းက သင်းအုပ်ဆရာတွေကို ကျမတို့ထွေအုပ်က အစည်းအဝေး ခေါ်တယ်။ သူတို့က တစ်ခုခုဆို သင်းအုပ်ဆရာတွေကို အားကိုးတယ်လေ။ စစ်မှုထမ်းအတွက် အသက် ၁၈ ကနေ ၃၅ အတွင်းကို ခေါ်သွားမယ်ဆိုပြီး ပြောတာ။ ဆရာတော်တွေကလည်း ကျနော်တို့ကတော့ ဘုရားရှစ်ခိုးပေးမယ် စစ်မှုထမ်းအတွက်တော့ မပြောပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ ဘာမှတော့ ပြန်ပြော မလာသေးဘူး” ဟု ဆိုသည်။
သံတောင်ကြီးမြို့အတွင်း စစ်မှုထမ်းပြဌာန်းချက်နှင့်ကိုက်ညီသူ အများအပြားရှိနေသည့်အတွက် ထိုသို့ ပြောဆိုသွားသည်ဟု ဆိုခြင်းကြောင့် ဒေသခံလူထုမှာ စိုးရိမ်မှုဖြင့် သတိထားနေကြရသည်ဟု ပြောဆိုပါသည်။
ကရင်ပြည်နယ် ဖားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နေ လူငယ်အများအပြားသည်လည်း စစ်ကောင်စီထိန်းချုပ်မှု လွတ်ကင်းသော ကရင်အမျိုးသားအစည်အရုံး – KNU ထိန်းချုပ်နယ်မြေများမှတဆင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး တိမ်းရှောင်မှု ပြုလုပ်နေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ ပြောဆိုမှုအရ သိရသည်။
ထို့အပြင် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းရန်ရှောင်တိမ်းသူများ၏ နေအိမ်များကို ချိတ်ပိတ်ခြင်း၊ ကျန်ရှိမိသားစုဝင်များကို အရေးယူရန် ခြိမ်းခြောက်ခြင်း၊ မဲစနစ်ဖြင့် စစ်မှုထမ်းရန် ရွေးချယ်ခံရသူများအား ငွေကြေးအဆမ တန်တောင်းခံခြင်းဖြင့် အမြတ်ထုတ်မှုများလည်း ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။
KIC ပေးပို့သည်။