ဖားကန့် ဗုံးကြဲတိုက်ခိုက်ခံရမှုတွင် အရပ်သား ၇ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ

0
132
Photo - CJ

ဖားကန့်မြို့နယ် ဆန်ခါကျေးရွာနှင့် မဇွပ်ယန်ကျေးရွာနှစ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ၌ အရပ်သား ၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကျော်အထိရှိသည်ဟု ဖားကန့်ဒေသခံများ ပြောဆိုမှုအရ သိရသည်။

ဇန်နဝါရီ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က မန္တလေးတံတားဦးကနေ တက်လာသော စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးက ဆန်ခါကျေးရွာနှင့် မဇွပ်ယန်ကျေးရွာတို့ကို ၆ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံတို့ထံမှ သိရသည်။

ဖားကန့်ဒေသခံ အုပ်ချုပ်ရေးတာဝန်ရှိသူ အမျိုးသားတစ်ဦးက “အခုဖြစ်သွားတဲ့နေရာက မဇွပ်ယန်နဲ့ ဆန်ခါ ကြားမှာလို့ ပြောလို့ရမယ်။ တက်လာတဲ့အချိန်မှာ ၃ ကြိမ်၊ ပြန်ခေါက်သွားတဲ့အချိန် ၃ ကြိမ်၊ စုစုပေါင်း ၆ ကြိမ်လောက် ကြဲသွားတယ်။ ဆန်ခါဘက်မှာက လေယာဉ်ဗုံးကြောင့် ၄ ယောက်လောက် ထိသွားတယ်။ မဇွပ်ယန်မှာက ၃ ယောက် ထိသွားတယ်” ဟု ပြောသည်။

စစ်ကောင်စီက ကြဲချတိုက်ခိုက်ခဲ့သည့် လေယာဉ်ဗုံးများက ဆန်ခါကျေးရွာ တောက်ပကြယ်၊ တစ်သုံးလုံး ကျောက်စိမ်းလုပ်ကွက်၊ ဓမ္မာရုံဘုန်းကြီးကျောင်းနှင့် မြင့်မြတ်သူ လူမှုကူညီရေးအသင်းရုံး အနောက်ဘက်ခြမ်း နေရာတို့တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

မဇွပ်ယန်ကျေးရွာတွင်လည်း မနောကွင်းရှိသည့် အနောက်ဘက်ခြမ်း ကားလမ်းကြီးပေါ်တွင် လေယာဉ်ဗုံးတစ်လုံး ကျမှန်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သေဆုံးသွားသူများသည် ဆန်ခါကျောက်စိမ်းလုပ်ကွက်နေရာက ရေမဆေးသမားများနှင့် လမ်းမပေါ်တွင် ဆိုင်ကယ်မောင်းနင်းသွားလာနေသူ ပြည်သူတချို့ဖြစ်သည်ဟု ဖားကန့်ဒေသခံများက ပြောဆိုသည်။

တိုက်ပွဲ ၈ လခန့် ငြိမ်သက်နေသည့် ဖားကန့်ဒေသတွင် စစ်ကောင်စီက ယခုလိုအရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်လာသည့် လုပ်ရပ်က ဗန်းမော်ခရိုင် တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များတာကြောင့် တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ဖားကန့်ဒေသခံတချို့က သုံးသပ်ပြောသည်။

“ကျနော်တို့ပြည်သူတွေတောင် ဘယ်လိုနားလည်ရမှန်း မသိတော့ဘူး။ နားလည်တာတစ်ခုက အခုတိုက်ပွဲ ဖြစ်နေတဲ့ ဗန်းမော်၊ မံစီတို့မှာဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများလို့လဲ ထင်တယ်။ ပြီးရင်အခုဆိုရင် ဗန်းမော်သိမ်းတော့မယ် ဘာတို့ သတင်းတွေလည်းထွက်နေတော့ ဒီဘက်ကိုလုပ်လာတယ်လို့ မြင်ပါတယ်” ဟု ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဆန်ခါနှင့် မဇွပ်ယန်ကျေးရွာတို့ကို စစ်ကောင်စီတပ်က ယခုလို အကြောင်းမဲ့ လေယာဉ်နှင့်ဗုံးကြဲ တိုက်ခိုက် ခဲ့တာကြောင့် ဒေသခံအရပ်သားပြည်သူတချို့ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

KIO ဗဟိုဌာနချုပ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “စစ်တပ်အနေနဲ့ ကျောက်စိမ်းမှော်၊ ရွှေမှော်ဒေသတွေကို ဗုံးကြဲ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်။ ဒါဟာ KIO/KIA ရဲ့ ငွေဝင်လမ်းကြောင်းတွေကို ပိတ်ဆို့ပေးလာတယ်လို့မြင်တယ်။ ကျောက်စိမ်းမှော်တွေမှာလည်း ကုမ္ပဏီတွေက KIO ရဲ့ ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီတွေများမယ်လို့ထင်ပြီး လာတိုက်တယ်လို့ မြင်ပါတယ်။ ဒီအရာတွေကို မလိုအပ်လို့ ခြိမ်းခြောက်ပစ်ခတ်လာတယ်လို့ပဲ မြင်တယ်” ဟု ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့ကလည်း တနိုင်းမြို့နယ် လပူမှော်ရွှေမှော်ဒေသကို စစ်ကောင်စီက ဂျက်လေယာဉ်နှင့် လာရောက်ဗုံးကြဲ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here