ဖားကန့်၊ တာမခံတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ နီးပါးသေဆုံးပြီး ၂၀ ကျော်ကို KIA က အရှင်ဖမ်းဆီးရမိခဲ့

0
287
ပုံစာ - ရှေ့တန်းတစ်နေရာတွင် တွေ့မြင်ရသည့် KIA တပ်ဖွဲ့များ။

ကချင်ပြည်၊ ဖားကန့်မြို့နယ် တာမခံတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၇၀ နီးပါးအထိ သေဆုံးခဲ့ပြီး တပ်သား ၂၀ ကျော် အရှင်ဖမ်းဆီးရမိသည့်အပြင် စစ်လက်နက်ပစ္စည်း အများအပြားကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းဆည်းရမိခဲ့တယ်လို့ KIA နဲ့ နီးစပ်သည့် သတင်းရင်းမြစ်များက ပြောဆိုသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ ညပိုင်းက တာမခံတပ်စခန်းအတွင်း နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီတပ်သား ၇၀ ကျော်က လက်နက်ချပြီး တပ်စခန်းတွင်းမှ ဆုတ်ခွာသွားတာကြောင့် တာမခံကျေးရွာအပြင်ရှိ တပ်စခန်းကိုပါ KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားတယ်လို့ KIA နှင့် နီးစပ်သည့် ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

“တာမခံတိုက်ပွဲမှာက စစ်ကောင်စီသား အယောက် ၂၀ လောက်ကို KIA က ဖမ်းဆီးနိုင်ခဲ့တယ်။ ကျန်တဲ့သူတွေ ကတော့ တောင်းပန်တာရှိတဲ့အတွက် တပ်စခန်းကနေ ထွက်ခွာခိုင်းလိုက်တယ်။ ထွက်ခွာသွားတဲ့ တပ်သားတွေ က ကသိုဏ်းတောင်တပ်ခန်းမှာ သွားပေါင်းသွားကြပြီ။ တာမခံတပ်စခန်းက အကုန်ရှင်းလိုက်ပါပြီ” ၎င်းက ဆိုသည်။

လက်ရှိ၌ တာမခံတပ်စခန်းအပြင် ကျေးရွာကိုပါ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိန်းချုပ်ထားနိုင်ပြီး မတ်လ ၁၀ နေ့က တပ်စခန်းကို KIA ဘက်က နယ်မြေရှင်းလင်း လုပ်ဆောင်ခဲ့တာကြောင့် လက်နက်ပစ္စည်း အများအပြားလည်း သိမ်းဆည်းရယူခဲ့တယ်လို့ KIA နှင့် နီးစပ်သည့် အဆိုပါဖားကန့်ဒေသခံက ဆက်ပြောသည်။

သိမ်းဆည်းရမိသည့် စစ်လက်နက်ပစ္စည်းများနှင့်အတူ ၆၀ မမ တစ်လက်၊ ၈၀ မမ တစ်လက်၊ လေယာဉ် သေနတ်အကြီး ပွိုင့် ၅ သေနတ်တစ်လက်၊ လက်နက်ငယ် ၄၀ ကျော်နှင့် ကျည်တောင့် ၅၀၀၀ ခန့် သိမ်းဆည်းရမိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်က ပြောပါသည်။

တာမခံတပ်စခန်းကို KIA ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀ ရက်နီးပါးအကြာ ထိုစစ်ကောင်စီတပ်စခန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်တယ်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့က မတ်လ ၉ ရက်နေ့အထိ ပိတ်ဆို့တိုက်ခိုက်နေရာမှ စစ်အင်အားလျော့နည်းပါးသည့်အပြင် အစာအသောက်ပါ ပြတ်လပ်သွားတာကြောင့် တပ်သား ၇၇ ဦးက တပ်စခန်းအတွင်းမှ ထွက်ခွာသွားကြတာ ဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက အခုလိုပြောပြသည်။

“စစ်တပ်က အတော်လေးအထိနာသွားတယ်။ လက်နက်အင်အားနည်းသွားသလို လူအင်အားလည်း နည်းသွား တယ်။ အစားအသောက် ပြတ်သွားတယ်။ ပိုဆိုးတာက ရေပြတ်သွားတယ်။ ပြီးရင် သူတို့ကိုလာကယ်တဲ့ စစ်ကြောင်း တစ်ကြောင်းလုံးလည်း ပြတ်သွားတယ်” လို့ ၎င်းက ပြောပါသည်။

တာမခံတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အထိနာပြီး စစ်အင်အားနည်းသွားသည့်အတွက် မတ်လ ၆ ရက်နေ့က စစ်ရဟတ်ယာဉ် ၃ စီးနှင့် စစ်အင်အားလာရောက်ပို့ချပေမယ့် တိုက်ပွဲဖြစ်ပွားနေသည့် တာမခံ တပ်စခန်းဘက်ကို မရောက်နိုင်ဘဲ ကသိုဏ်းတောင်အဆင်း တာဝါတိုင်အနီး၌ KIA ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုခံရတာကြောင့် ထိခိုက်သေဆုံးမှုများရှိပြီး စစ်ကြောင်းဆုတ်ခွာခဲ့တယ်လို့ KIA ရှေ့တန်း သတင်းအရင်းအမြစ်က ပြောသည်။

ယင်းအပြင် မတ်လ ၃ ရက်နေ့ကလည်း ဖားကန့်ဘက်ကနေ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်း ခလရ ၄၂၊ ခလရ ၁၂၊ ခလရ ၇၆ ပူးပေါင်းတပ်များက တာမခံကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန် KIA ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းတစ်ကြောင်းလုံးနီးပါး သေဆုံးခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင်လည်း KIA ပူးပေါင်းတပ်များက တာမခံ ရဲစခန်းအပါအဝင် တပ်စခန်းနှင့် ကျေးရွာအတွင်းအပြင် အားလုံးကို ထိန်းချုပ်ထားတယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။

တာမခံတပ်စခန်းသည် ကချင်ပြည်၊ ဖားကန့်နှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်း၊ ချင်းတွင်းမြစ်တလျှောက်ကို အဓိက ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး စစ်ရေးအရ အလွန်အရေးပါသည့် ဗျူဟာမြောက် တပ်စခန်းကြီး တစ်ခုဖြစ်ပြီး စစ်အင်အား ၃၀၊ ၄၀ ကြား တပ်ချထားသည့် နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိ တပ်စခန်းတစ်ခုလည်း ဖြစ်သည်။

စစ်ကောင်စီဘက်က ယင်းတပ်စခန်းအား လက်မလွတ်ရရေးအတွက် တိုက်ပွဲဖြစ်ပွားချိန်ကစပြီး နေ့စဉ်မပြတ် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်သည့်အပြင် တာမခံရွာရှိလူနေအိမ်များကို မီးရှို့ဖျက်ဆီးတာကြောင့် ဒေသခံ ၅၀၀၀ ဝန်းကျင်သည် တာမခံ၊ဟောင်ပါးအုပ်စုရှိ ကျေးရွာတချို့နှင့် ဖားကန့်မြို့ပေါ်ရပ်ကွက်များသို့ စစ်ဘေး တိမ်းရှောင်နေကြရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပေ။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here