28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဖားကန့်တွင် စစ်ရေးအရ အချက်ချာကျသည့် တောင်ကုန်းနှစ်ခုရရှိရန် စစ်ကောင်စီတပ် ကြိုးပမ်းနေ

ဖားကန့်တွင် စစ်ရေးအရ အချက်ချာကျသည့် တောင်ကုန်းနှစ်ခုရရှိရန် စစ်ကောင်စီတပ် ကြိုးပမ်းနေ

ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတစ်ခုလုံးကို လက်နက်ကြီးနှင့်လှမ်းထောက်ပြီး ထိန်းချုပ်နိုင်ရန်အတွက် အမြင့်ဆုံးတောင်ကုန်းများဖြစ်သည့် လမောင်ကုန်း (Lamawng Bum) နှင့် မော်မောကုန်း (Mawmau Bum) နှစ်နေရာကို ပြန်ရရန် စစ်ကောင်စီတပ်က ကြိုးပမ်းနေသည်ဟု ဒေသခံများက ပြောဆိုသည်။

ဖားကန့်ကို စစ်ကြောင်းထိုးလာသာ စစ်ကောင်စီတပ်နှင့် နဂိုရှိပြီးသားတပ်ဖွဲ့တို့ပူးပေါင်းပြီး လမောင်ကုန်းနှင့် မော်မောကုန်းရှိရာဘက်ကိုဦးတည်ပြီး လမ်းကြောင်းနှစ်ခုကနေ စစ်ကြောင်းထိုးနေသာအတွက် နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေသည်မှာ ၅ ရက်ခန့် ကြာပြီလာပြီဟု ဖားကန့်ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ဖားကန့်မြို့နှင့် မှော်ဆီစာကျေးရွာကြားရှိ အမှ်ိုက်ပုံရွာနှင့် မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီးကျေးရွာဘက်တွင် စစ်အင်အား နှစ်ဖွဲ့ခွဲပြီး စစ်ကြောင်းထိုးနေတာကြောင့် KIA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့က လမ်းကြောင်းပိတ်ဆို့ တိုက်ခိုက်နေကြောင်း သိရသည်။

လက်ရှိ၌ အမိုက်ပုံကျေးရွာနှင့် အထက်ပိုင်းရှိ အင်မိုင်းယန်အနီးတဝိုက်အထိ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်နေသည့် အခြေအနေကို ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“စစ်ကောင်စီတပ်တွေက အမှိုက်ပုံကျေးရွာကနေ အင်မိုင်းယန်ကို တက်ချင်တာ။ တက်လို့မရအောင် တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ထားတာ။ တကယ်လို့ အင်မိုင်းယန်ကို ကျော်တက်သွားရင် ဖားကန့် သုသာန်တကြောကို စစ်တပ်ဝင်သွားရင် မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေးမှာရှိနေတဲ့ နောက်ထပ် စစ်ကြောင်းတစ်ခုအတွက် အထောက်အကူဖြစ်သွားမယ်။ အဲလိုဆိုရင် စစ်ကြောင်းနှစ်ခုစလုံးက ဆက်လက်လှုပ်ရှားလို့ ရသွားပြီ” ဟု ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးချပြီး တပ်ထိုင်ရန်ကြိုးပမ်းနေသည့် လမောင်ကုန်းနေရာသည် ဖားကန့်ဒေသထဲ အမြင့်ဆုံးရှိသည့် တောင်ကုန်းတစ်ခုအပါအဝင်ဖြစ်သလို လမောင်ကုန်းကနေ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံအထိ လက်နက်ကြီးနှင့် လှမ်းထောက်နိုင်သည်ဟု စစ်ရေးသတင်းရင်းမြစ်တို့ ပြောဆိုမှုအရ သိရသည်။

ယင်းအပြင် လမောင်ကုန်းသည် လုံးခင်းကျေးရွာအုပ်စုတစ်ခုလုံးနှင့် လက်ရှိ KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ထိန်းချုပ်ထားသည့် နေရာများအထိပါ လှမ်းထောက်နိုင်သည့်အထိ စိုးရိမ်ဖွယ်ရှိနေသည်ဟု ဖားကန့်ဒေသခံ အမျိုးသားက ဆက်ပြောသည်။

“လမောင်ကုန်းက အပေါ်စီးကနေ လုံးခင်းတစ်ခုလုံးကို ကောင်းကောင်းထိန်းချုပ်နိုင်တယ်။ နယ်မြေဒေသအရဆိုရင် လုံးခင်းနဲ့ ဆိပ်မူဧရိယာစပ်မှာရှိတယ်။ အဲ့ကြောင့် လုံးခင်းအုပ်စုထဲမှာပဲမဟုတ်ဘူး၊ ဆိပ်မူကျေးရွာတွေအထိပါ ထိန်းချုပ်သွားနိုင်တယ်။ ဒီနေရာတွေအားလုံးကလည်း စစ်ကောင်စီတပ်တွေ လက်လွတ်လိုက်ရတဲ့ နေရာတွေဖြစ်ပါတယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ထိခိုက်သေဆုံးမှုရှိပြီး ဖားကန့် စစ်ကောင်စီဗျူဟာကုန်းနှင့် ကံဆီစစ်တပ်ကုန်းကနေ KIA တပ်ရှိရာဘက်ကို လက်နက်ကြီးနှင့် ပစ်ခတ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က မေလကုန်းပိုင်းကနေ စစ်အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးလာပြီး စစ်ရေးလှုပ်ရှားမှုအခြေအနေက ဖားကန့်မြို့တွင်းနေရာများအားလုံးကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာသည်ကို မြင်တွေ့ရသည်ဟု နောက်ထပ်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

“ဒီရက်ပိုင်း စစ်တပ်ရဲ့လုပ်ဆောင်ချက်တွေကို ကြည့်ရသလောက်ဆိုရင် အရင်ကတည်းက သူတို့ရှိခဲ့တဲ့နေရာတွေ ပြန်ယူဖို့ မရရအောင် ပြန်လည်ကြိုးစားနေတယ်လို့ မြင်ပါတယ်။ နောက်မြို့တွင်းနေရာအားလုံးကို သူတို့ပြန်လည်ထိန်းချုပ်နိုင်အောင်လုပ်မယ်။ ဒီတော်လှန်ရေးလက်နက်ကိုင်တွေကိုတော့ မြို့အပြင်ဘက်ကိုရောက်အောင် ပြန်လုပ်နေတဲ့သဘောပဲ” ဟု ၎င်းကပြောသည်။

KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်က ပြီးခဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ဖားကန့်မြို့အတွက် အရေးပါသည့် စစ်ကောင်စီတပ်နေရာ ၆ ခုခန့်ကို သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိ၌ စစ်ကောင်စီတပ်ရှိသည့် ဖားကန့် စစ်ဗျူဟာကုန်း၊ မဇွပ်ယန်ထောင်၊ နန့်ဂျင်၊ လုံးခင်း မျောက်ကုန်း စသည့် စစ်တပ်စခန်းများသာ ကျန်ရှိနေခဲ့ခြင်းလည်းဖြစ်သည်။

KNG ပေးပို့သည်။