ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) နယ်မြေ၊ ကရင်ပြည်နယ် ဒွယ်လိုးမြို့နယ်၊ ဖာပွန်-ကမမောင်းလမ်းပိုင်းရှိ ကတိုင်တိ စစ်ကောင်စီတပ်စခန်းမှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် တိုက်ပွဲဖြစ်ပွားဆဲဖြစ်ကြောင်း KNU တပ်မဟာ (၅) ထံမှ သိရသည်။
ကတိုင်တိတပ်စခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က လေကြောင်းအသုံးပြု၍ပါ စခန်းမကျစေရေး ခုခံတိုက်ခိုက်နေသည်ဟု ဆိုသည်။
ကတိုင်တိတပ်စခန်းရှိ စစ်ကောင်စီတပ်များနှင့် စခန်းဝန်းကျင်ရှိ ၎င်းတို့တပ်စွဲနေသည့် နေရာများအား ဇန်နဝါရီ ၂၄ ရက်နေ့တွင် KNLA ဘက်က ရှင်းလင်းနိုင်ခဲ့သော်လည်း ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နယ်ခြားစောင့်တပ်-BGF ၁၀၁၃ တပ်ရင်း၏ ယခင်စခန်းနေရာတွင် အင်အားပြန်စုစည်းကာ ခုခံနေသည်ဟု KNU တပ်မဟာ (၅) ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီးစောကလယ်ဒို့က ပြောဆိုသည်။
“ကတိုင်တိစခန်းနေရာတော့ ရှင်းလင်းလို့ရပြီ။ ဒါပေမဲ့ စကစတွေက BGF (၁၀၁၃) တပ်ရင်းစခန်းနေရာမှာ ပြန်စုပြီး ခုခံနေတယ်။ တိုက်ပွဲကတော့ ဆက်ပြင်းထန်နေတုန်းပဲ။ ခုခံနေတဲ့ စကစတပ် အင်အားက တစ်ရာဝန်းကျင်လောက်ရှိမယ်လို့တော့ ခန့်မှန်းတယ်။ BGF စခန်းနေရာဆိုပေမဲ့ BGF တွေ မရှိဘူး” ဟု ဒု-ဗိုလ်မှူးကြီးစောကလယ်ဒို့က ပြောသည်။
BGF ၁၀၁၃ တပ်ရင်းကို ဦးဆောင်သော BGF ဗိုလ်လှကြိုင်နှင့်တပ်ဖွဲ့ဝင်များမှာ ကတိုင်တိစခန်း တိုက်ခိုက်ခံရစဥ်ကတည်းက တပ်ရင်းတရင်းလုံး နေရာရွှေ့ပြောင်းခဲ့ခြင်းဖြစ်၍ ထိုစခန်းတွင် လက်ရှိ ကတိုင်တိတပ်စခန်းမှ လူပြန်စုထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာ ရှိနေသည်ဟု ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့က ဆိုသည်။
KNLA ပူးပေါင်းတပ်ဘက်က စခန်းအပြီးသတ်ရရှိနိုင်ရန် ကြိုးပမ်းတိုက်ခိုက်နေသည်ဟု တပ်မဟာ (၅) ၏ စစ်မြေပြင်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
KNLA တပ်ဖွဲ့ဝင်တစ်ဦးက “စခန်းက အကုန်တော့မရသေးဘူးဆိုပေမဲ့ တစ်ဝက်ရပြီလို့တော့ ပြောလို့ရပါတယ်” ဟု ဆိုသည်။
စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေစဥ် ဇန်နဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီဘက်က ဂျက်လေယာဥ်များဖြင့် စခန်းပတ်ဝန်းကျင်ကို အဆက်မပြတ် ဗုံးကြဲချခဲ့သလို ဖာပွန်ဗျူဟာကုန်းမှနေ၍လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တို့ထံက သိရသည်။
KIC ပေးပို့သည်။