ဖလမ်းမြို့ပေါ်က ဒေသခံပြည်သူအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြ

0
109
Photo – Social Media

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့တွင် အောက်တိုဘာလကုန်ပိုင်းက စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF တို့အကြား တိုက်ပွဲဖြစ်ပွားလာပြီးနောက် မြို့ပေါ်နေ ဒေသခံပြည်သူ (၉၀) ရာခိုင်နှုန်းခန့်သည် မြို့ကိုစွန်ခွါ၍ ဘေးလွတ်ရာကို တိမ်းရှောင်နေကြသည်ဟု သိရသည်။

ဖလမ်းမြို့ပေါ်တွင် အောက်တိုဘာလ ၂၅ ရက်နေ့ကစ၍ ၂၇ ရက်နေ့အထိ ၃ ရက်ခန့် တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားအနည်းဆုံး ၄ ဦး ဒဏ်ရာရရှိကာ ကျောင်းဆရာမ ၁ ဦး သေဆုံးခဲ့သည်။

ယခုလက်ရှိ၌ ဖလမ်းမြို့ပေါ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှု ရှိနေသည့်အတွက် မြို့ခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသောကြောင့် မြို့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဖလမ်းမြို့ဒေသခံတစ်ဦးက ပြောဆိုသည်။

“မြို့ထဲမှာ တော်တော်လေးနည်းသွားပြီ၊ မရှိသလောက် ဖြစ်နေကြပြီ။ (၉၀) ရာခိုင်နှုန်းတော့ ထွက်သွားပြီ။ အခြေအနေတွေက ဘာမှခန့်မှန်းလို့ မရတဲ့အခါကြတော့ ဘာပဲဖြစ်ဖြစ် အတွင်းအပြင် စိုးရိမ်နေရတယ်။ အတွင်းက စစ်တပ်ဘက်က ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့လူကို ပစ်ခတ်တဲ့အခါကြတော့ မနေရဲတာနဲ့ အပြင်ကလူတွေလည်း ဝင်ရင် ကြောက်နေရတယ်လေ။ မြို့ထဲမှာက ညအိပ်ရင်တောင် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရဘူးလေ” ဟု ဖလမ်းမြို့ပေါ်မှ ကျေးရွာဘက်သို့ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

လူဦးရေ တစ်သောင်းဝန်းကျင် နေထိုင်ကြသည့် ဖလမ်းမြို့ပေါ်တွင် ဒေသခံပြည်သူအများစုသည် ဖလမ်းမြို့ အနီးအနား ကျေးရွာများ၊ ဟားခါးမြို့၊ ကလေး၊ ရန်ကုန်နှင့် အိန္ဒိယ – မြန်မာ နယ်စပ်ဘက်တွင် စစ်ဘေးတိမ်းရှောင်နေကြရပြီး လက်ရှိ၌ ဖလမ်းမြို့တွင် ဒေသခံပြည်သူအနည်းစုသာ နေအိမ်ကြည့်ရှုရန်အတွက် ကျန်ခဲ့ကြသူများဖြစ်သည်ဟု သိရသည်။

ဖလမ်းမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF တပ်ဖွဲ့သည် ချင်းညီနောင်၏ စစ်ရေးဦးဆောင်မှုနှင့်အတူ ဖလမ်းမြို့ ပြန်လည်ရရှိရေးအတွက် Mission Jerusalem (MJ) စစ်ဆင်ရေးကို ဖော်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here