ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ် မိုင်းမော် (မန်ဟိုင်း) စစ်တပ်စခန်း သိမ်းပိုက်ချိန် KIA ဘက်က ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၁၇ ဦးကို လူမှုကူညီရေးအဖွဲ့ကနေတဆင့် လွှဲပြောင်းပြီး လွတ်မြောက်ခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်သုံ့ပန်း စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတာဖြစ်ပြီး နိုဝင်ဘာလ ၅ ရက်မှာတော့ နမ္မတူမြို့မှ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတွေထံ လွှဲပြောင်းပေးပြီး လွတ်မြောက်ခွင့် ပေးလိုက်တာ ဖြစ်တယ်လို့ မိုင်းမော်ဒေသခံတစ်ဦးက ပြောဆိုသည်။
“မှန်ပါတယ်။ တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့သူတွေနဲ့ ထွက်ပြေးတဲ့သူတွေကို ပြန်ဖမ်းမိထားတာ အားလုံး ၁၇ ယောက် လို့ ပြောတာပဲ၊ ကျနော်တို့ကိုယ်တိုင်တော့ သွားမကြည့်တော့ဘူး။ သူတို့ကို မနေ့က နမ္မတူဘက်ကို သွားပို့ပြီ ဆိုတာတော့ ဟုတ်တယ်။ အသေးစိတ်က မသိဘူး။ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးလိုက်တာတော့ သိရတယ်” လို့ အဆိုပါမိုင်းမော် (မန်ဟိုင်း) ဒေသခံက ပြောပါသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့က မိုင်းမော် (မန်ဟိုင်း) ရွာမှာ တပ်ချထားတဲ့ စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်- KIA တပ်မဟာ ၄ တပ်ရင်း ၈ တပ်ဖွဲ့က သွားရောက်တိုက်ခိုက် သိမ်းပိုက် လိုက်တာဖြစ်ပြီး စစ်သုံ့ပန်း စုစုပေါင်း ၁၇ ဦးကို KIA ဘက်က ဖမ်းဆီးရမိထားတာဖြစ်ကြောင်း သိရသည်။
မိုင်းမော် (မန်ဟိုင်း) ဒေသခံက “အသေးစိတ်တော့ မသိရသလို ပြောဖို့ခက်တယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေ ပြန်လွှတ်ပေးတယ်လောက်ပဲ သိရှိနားလည်ထားတယ်။ သူတို့အဆင့်အဆင့် ဘယ်လို လွတ်ပေးတာတွေတော့ မသိရဘူးပေါ့” လို့ ဆက်ပြောသည်။
ဒါ့အပြင် မိုင်းမော်(မန်ဟိုင်း) တပ်စခန်းကို လက်ရှိ KIA က သိမ်းပိုက်ရရှိထားတာဖြစ်ပြီး မန်ဟိုင်းတဝိုက်က ဒေသခံပြည်သူတွေကတော့ တိုက်ပွဲအတွင်း တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပေမဲ့ လက်ရှိမှာတော့ အခြေအနေငြိမ်ပြီ ဖြစ်တာကြောင့် နေရပ်ပြန်လာနေတာ ၃ ရက်ခန့် ရှိလာပြီ ဖြစ်တယ်လို့ ဒေသခံတွေထံမှ သိရသည်။
မန်ဟိုင်း ဒေသခံတစ်ဦးက “ရွာသားတွေအားလုံး ပြန်လာနေတာ ၃ ရက်လောက်တော့ ရှိပြီ။ စစ်တပ်က လေယာဉ်နဲ့ လာပစ်မှာ စိုးရိမ်တာကြောင့် တောထဲမှာ ၄ ရက်လောက် ထွက်ပြေးခဲ့ကြရတယ်။ အခုတော့ အားလုံးပြန်လာပြီး လုပ်ငန်းတွေ မအားမလပ်ရိတ်သိမ်းတာတွေ မြန်မြန်လုပ်ဆောင်နေကြတယ်” ဟု ပြောသည်။
လက်ရှိမန်ဟိုင်းတဝိုက်တွင် တိုက်ပွဲအခြေအနေ ငြိမ်သက်နေပေမယ့် မန်တုံမြို့နဲ့ နမ္မတူမြို့တွေမှာတော့ စစ်ရေး အခြေအနေ တင်းမာနေတယ်လို့ ဒေသခံများထံမှ သိရှိရသည်။
မိုင်းမော် (မန်ဟိုင်း) ကျေးရွာတွင် အိမ်ခြေ ၁၅၀ ဝန်းကျင်ရှိပြီး နမ္မတူမြို့သို့ လမ်းကောင်းစဉ်အချိန်က ဆိုင်ကယ်ဖြင့် ၁ နာရီခွဲ ကြာချိန်ဖြင့် သွားလာရောက်ရှိနိုင်ပြီး မြေပုံအနေအထားအရ မန်တုံမြို့နှင့် နမ္မတူမြို့ကြား အရှေ့မြောက်ဘက်ပိုင်း၌ တည်ရှိသည်။
KNG ပေးပို့သည်။