ပ.က.ဖ အဖွဲ့ဝင်ဟောင်းတချို့စစ်ကောင်စီနဲ့ပူးပေါင်းသွားလို့ စခန်းနေရာများအရေးကြီးပြောင်းရွှေ့ဖို့အသိပေး

0
408
ပုံစာ- မြိုင် (ပ.က.ဖ) အဖွဲ့ဝင်ဟောင်း စစ်ကောင်စီနှင့်ပူးပေါင်းသွားလို့ လုံခြုံရေးစိုးရိမ်နေ။ (ဓာတ်ပုံ-မြိုင်(ပ.က.ဖ))

မြိုင် (ပ.က.ဖ) အဖွဲ့ဝင်ဟောင်းက စစ်ကောင်စီနှင့်ပူးပေါင်းသွားပြီး နယ်မြေထဲရှိ အရေးကြီးသည့် စခန်းနေရာ တွေကို ဒလန်လုပ်ပြီး လိုက်ပြနေတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အရေးကြီးပြောင်းရွှေ့ကြဖို့ တာဝန်ရှိသူတွေက အသိပေးထားကြောင်း သိရသည်။

မြိုင် (ပ.က.ဖ)တာဝန်ရှိသူတစ်ဦးက “ပကဖ တာဝန်ခံနဲ့ ဒုတာဝန်ခံတို့ နေထိုင်တဲ့ရွာတွေကို ဖော်တယ်။ မြို့နယ်နဲ့ ထိစပ်နေတဲ့ အခြားကာကွယ်ရေး စခန်းတွေကိုလည်း မြေပုံ အတိအကျနဲ့ ထွက်ဆိုထားတယ်လို့ အတွင်းသတင်း အရ သိရတယ်။ လုံခြုံစိတ်ချရတဲ့နေရာတွေကို ပြောင်းရွှေ့ကြဖို့ လိုပါတယ်” ဟု ပြောသည်။

ပခုက္ကူခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီဘက်ကို ခိုလှုံသွားသည့် ပ.က.ဖ အဖွဲ့ဝင်ဟောင်း ၇ ဦးနဲ့ အထက်ရှိနေပြီး အများစုဟာ ငွေရေးကြေးရေး ပြဿနာတွေ ရင်ဆိုင်နေရသူတွေဖြစ်တယ်လို့ ပ.က.ဖ တာဝန်ရှိသူတွေထံက သိရသည်။

မြိုင် (ပ.က.ဖ) အဖွဲ့ဝင်ဟောင်း တက်တူးဆိုသူသည်လည်း မြိုင် (ပ.က.ဖ) ဆီက သေနတ်ခိုးယူပြီး စစ်ကောင်စီနဲ့ ပူးပေါင်းသွားပြီး ပခုက္ကူခရိုင်အတွင်းက အရေးပါသည့် စခန်းတွေကို မြေပုံအတိအကျနဲ့ လိုက်လံပြသနေတယ်လို့ ပ.က.ဖ တာဝန်ရှိသူရဲ့ ပြောဆိုမှုအရ သိရသည်။

ယင်းအပြင် ၎င်းသည် ပ.က.ဖ တာဝန်ခံနဲ့ ဒုတိယ တာဝန်ခံတွေနေထိုင်သည့် ရွာသစ်ကုန်းကျေးရွာနဲ့ မြသိန်းတန် ကျေးရွာတွေကိုလည်း စစ်ကောင်စီထံ သတင်းပေးခဲ့ပြီး မြို့နယ်အတွင်းနဲ့ တခြားထိစပ်မြို့နယ်က စခန်းတွေကိုပါ သတင်းပေးခဲ့တယ်လို့ ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် ဖော်ထုတ်ခံထားရသည့် စခန်းများကို စစ်ကောင်စီ စစ်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာနိုင်တာကြောင့် ယင်းနေရာများမှ အရေးကြီး စွန့်ခွာဖို့လိုတယ်လို့ မြိုင် (ပ.က.ဖ) က သတင်းထုတ်ပြန်ထားပါသည်။

စခန်းပတ်ဝန်းကျင်အနီးရှိ ကျေးရွာများမှ ပြည်သူများကိုလည်း လေကြောင်းအသိ လေကြောင်းသတိရှိဖို့ လှုံ့ဆော်ထားပြီး ကျေးရွာများအတွင်း မနေထိုင်ဘဲ တောတောင်များ၌ ခေတ္တနေထိုင်ကြရန် မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။

မြိုင်မြို့နယ်သည် ပုလဲ၊ ဆားလင်းကြီး၊ ပေါက်၊ ပခုက္ကူနဲ့ ရေစကြို စသည့် မြို့နယ်တွေနဲ့ ထိစပ်နေပြီး မြေပုံ အတိအကျနှင့် ဒလန်လုပ် ဖော်ထုတ်နေတာကြောင့် လေကြောင်းအန္တရာယ် သတိပြုရန် မြေပြင်အဖွဲ့များကို အသိပေးထားသည်ဟု ဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here