ပေါင်နှင့် ဘီးလင်း ဒေသခံ ၅ ဦး ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရ

0
328

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက ဒေသခံ ၄ ဦးနှင့် ဘီးလင်းမြို့နယ်အတွင်းက ဒေသခံ ၁ ဦး တို့ကို နိုင်ငံရေး လှုံ့ဆော်စာ ဖြန့်ဝေသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဖမ်းခံရသူများသည် ဆူပူဆန္ဒပြမှုတွင် အကြိမ်ကြိမ် ပါဝင်ခဲ့ခြင်း၊ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် နိုင်ငံတော် အကြီးအကဲများအား အကြည်ညိုပျက်စေမည့် စာသားများ ရေးသားဖြန့်ဝေ ခဲ့ခြင်းကြောင့် စက်တင်ဘာလ ၄ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရခြင်း ဖြစ်သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ပေါင်မြို့ခံတစ်ဦးက “ပေါင်မှာ ဖမ်းခံရတာတွေက ခဏခဏပဲ။ ဒီတလောမှာ ဖမ်းခံရသူတွေများတယ်။ ပြန်လွတ်လာသူတွေလည်း ရှိတယ်။ အမှုဖွင့်ခံရတာလည်း ရှိတယ်။ သိရသလောက်က အမှုဖွင့်ထားတာက ၁၀ ယောက်လောက် ရှိသွားပြီး” ဟု ပြောသည်။

ဖမ်းဆီးအမှုဖွင့်ခံရသူများသည် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာမှ အသက် ၂၀ နှစ်အရွယ် စောရာဇာမင်း၊ အသက် ၂၂ နှစ်ရှိ အောင်မင်းထွေး၊ အသက် ၃၃ နှစ်ရှိ ချစ်သူပိုင်၊ ကျွဲခြံကျေးရွာမှ အသက် ၂၂ နှစ်ရှိ မအေးနီးနီအောင်နှင့် ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာမှ အသက် ၂၅ နှစ်ရှိ မင်းထွန်းမြတ်အောင်တို့ဖြစ်သည်။

ပေါင်မြို့နယ်အတွင်း ရဲတပ်သားတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ် ရဲစခန်း၊ ဌာနဆိုင်ရာရုံး တိုက်ခိုက်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ပထမအပတ်အတွင်းက ဒေသခံ ၁၅ ဦးထက် မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရသူများအနက်မှ ပေါင်မြို့နယ် ဥတ္တံတားကျေးရွာနေ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီတာကျော်၊ ကိုဖိုးချို၊ ဒေါ်ခင်သန်းနု၊ ဒေါ်ဇင်မာထွန်းနှင့် ဒေါ်စန္ဒာလင်းတို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၂ (က)၊ ၅၀ (ည) တို့ဖြင့် အမှုဖွင့်ခံထားရသည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားဖြစ်စေရန် လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ထပ်ဆင့်ဝေမျှသူတွေကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ ၅၀၅-က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများ အရ အရေးယူမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလက သံဖြူဇရပ်မြို့ရှိ ကျော်ကျော်ကြား ဖုန်းပြုပြင်ရောင်းဝယ်ရေးဆိုင်မှ ဆိုင်ပိုင်ရှင် အမျိုးသားနှင့် ဆိုင်အလုပ်သမား အမျိုးသား ၂ ဦးတို့ကို လူမှုကွန်ရက်စာမျက်နှာပေါ် နိုင်ငံရေးလှုံ့ဆော်သည့် စာသားများ ဖြန့်ဝေခဲ့သည်ဟုဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကာ ရာဇသတ်ကြီး ဥပဒေပုဒ် – ၅၀၅ (က) ဖြင့် သံဖြူဇရပ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့သည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here