ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ကုန်ကားများအဝင်မရှိတာကြောင့် ကုန်ပစ္စည်းများ ပြတ်လပ်လာသည့်အပြင် ပူတာအိုမြို့ကနေ တဆင့်ဝယ်ယူစားသုံးနေရသည့် နောင်မွန်မြို့တွင်လည်း အခြေခံစားသောက်ကုန်များ ပြတ်လပ်လာသည့်အတွက် ဒေသခံပြည်သူများ ဝယ်ယူစားသုံးရန် အခက်အခဲဖြစ်နေကြသည်ဟု ပြောဆိုသည်။
ပူတာအိုခရိုင်ထဲရှိ နောင်မွန်၊ မချမ်းဘောစသည့် မြို့နယ်များက အခြေခံစားသောက်ကုန်များကို ပူတာအို မြို့ကတဆင့် ဝယ်ယူစားသုံးနေကြရာ၌ ပူတာအိုမြို့တွင် ကုန်ကားအဝင်မရှိသည်မှာ ၁ လ ကြာရှိပြီ ဖြစ်တာကြောင့် ကုန်ပစ္စည်းများ ပြတ်လပ်သွားပြီး အခက်အခဲကြုံနေကြရကြောင်း ၎င်းတို့က ပြောသည်။
နောင်မွန်ဒေသခံ အမျိုးသားတစ်ဦးက “ပူတာအိုနဲ့ နောင်မွန်ကြားမှာ တပတ်မှာတကြိမ်လောက်က ကုန်ကားတွေ ရှိပါတယ်။ ကုန်မရှိလို့တဲ့ ဘာမှမရောင်းတော့ဘူး။ ပြီးရင် ကြက်သွန်ဖြူနီကလည်း ကျနော်တို့က မဝယ်စားနိုင်လို့ မဝယ်စားတာ ကြာပြီ။ အခုက ရှိတောင်မရှိတော့ဘူး။ အခုက ရှိတဲ့သူတွေဆီကနေ နည်းနည်းစီ တောင်းစားနေကြတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကစ၍ ကချင်ပြည်နယ်တစ်ခုလုံး ရေကြီးရေလျှံခဲ့တာကြောင့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့် – ပူတာအို ကားလမ်းပိုင်းမှာ ရေတိုက်စား မြေပြိုမှုဖြစ်ပြီး ပျက်စီးနေသည်မှာ တစ်လကျော် ကြာမြင့်လာပြီဟု ပူတာအိုဒေသခံများက ပြောသည်။
ထိုကြောင့် လက်ရှိတွင် ပူတာအိုမြို့၌ ကုန်ပစ္စည်းများ မပြတ်လပ်စေရန် လေယာဉ်နှင့် တင်ပို့နေတာကြောင့် ကုန်စျေးနှုန်းများ ယခင်စျေးနှုန်းထက် ၃ ဆ ကြီးမြင့်လာပြီး ပူတာအိုဒေသခံများသာမက တဆင့်ခံ ဝယ်ယူစားသုံးရသည့် နောင်မွန်ဒေသခံများပါ အခက်ခဲဖြစ်ရသည်ဟု ၎င်းတို့က ပြောဆိုသည်။
ပူတာအိုတွင် ကုန်ပစ္စည်းများ အဝင်နည်း စျေးကြီးသည့်အပြင် စက်သုံးဆီလည်း ဝယ်ယူရခက်ခဲတာကြောင့် ပူတာအိုမြို့နှင့် နောင်မွန်သို့ ပုံမှန်နေ့စဉ် သွားလာနေသည့် လိုင်းကားများသည် တစ်ပတ်လျှင် တကြိမ်လောက်သာ သွားလာနိုင်တော့သည်ဟု နောင်မွန်ဒေသခံများက ပြောသည်။
“ကုန်လည်း မရှိဘူးတဲ့၊ ပြီးရင် လူလည်း သွားသွားလာလာ မရှိတော့ဘူး။ စက်သုံးဆီ ဒီဇယ်တစ်ဂါလံကို ခြောက်သောင်း ရှိတယ်။ ပူတာအိုနဲ့ နောင်မွန်သွားရင် ၁၅ ဂါလံလောက် ကုန်တယ်။ အဲဒါကြောင့် လိုင်းကားဆွဲတဲ့ သူတွေက မကိုက်ဘူးဆိုပြီး တစ်ပတ်မှာ တကြိမ်လောက်ပဲ ကုန်ကားတွေ ရောက်တော့တယ်” ဟု နောင်မွန် ဒေသခံတစ်ဦးက ပြောပါသည်။
စက်သုံးဆီဝယ်ယူရန် ခက်ခဲပြီး ဈေးကြီးမြင့်လာတာကြောင့် နောင်မွန်မှ ပူတာအိုမြို့သို့ အသွားအပြန်လျှင် ယခင်က တစ်သိန်းဝန်းကျင်သာ ကုန်ကျသော်လည်း လက်ရှိတွင် အသွားအပြန်ကို လေးသိန်နီးပါးကုန်ကျလို့ သွားလာရေး ရပ်တန့်သွားရပြီး ငွေကြေးအခက်ခဲများပါ ကြုံတွေ့နေရသည်ဟု နောင်မွန်ဒေသခံများက ပြောသည်။
လက်ရှိ၌ နောင်မွန်မြို့တွင် အခြေခံစားသောက်ကုန်များ ပြတ်လပ်လာသည့်အတွက် ဒေသခံပြည်သူများမှာ ဒေသထွက် ဆန်တစ်ခုကိုသာ ဖြစ်သလို စားသုံးနေကြရသည်ဟု ၎င်းတို့က ပြောဆိုပါသည်။
အလားတူ ပူတာအိုဒေသခံများလည်း ကားလမ်းပိုင်းပျက်စီးမှု၊ ဖုန်းအဆက်အသွယ် ခက်ခဲမှု၊ ကုန်ပစ္စည်းများ စျေးနှုန်းမြင့်တက်မှု စသည့် အခက်အခဲတို့ကို ကြုံတွေ့နေရကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
KNG ပေးပို့သည်။